ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက သူတို့အသင်းရဲ့ ခံစစ်ပိုင်း အတွက် အင်အားဖြည့်တင်းမှု တရပ် အဖြစ် ပြင်သစ် လီဂူးဝမ်း နာမည်ကြီးကလပ် မိုနာကိုရဲ့ ဗဟိုခံစစ်မှူး ဘာဒစ်ရှီလာကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

ချယ်လ်ဆီးက ခံစစ်ပိုင်း အတွက် နွေဈေးကွက် အတွင်းမှာ ကူလီဘလီနဲ့ ကူကူရယ်လာတို့ နှစ်ဦးကို ခေါ်ယူထားခဲ့ပေမယ့် အသက်အရွယ် ရလာတဲ့ သီယာဂို ဆေးလ်ဗားရဲ့ နေရာကို အစားဝင်နိုင်မယ့် လူငယ် ဗဟိုခံစစ်မှူး တဦးကို ထပ်မံ ခေါ်ယူချင်ခဲ့တာ ဖြစ်ပြီး မိုနာကိုနဲ့အတူ တောက်ပနေတဲ့ ဘာဒစ်ရှီလာဟာ ချယ်လ်ဆီးရဲ့ အဓိက ပစ်မှတ် ကစားသမား တဦးပါ။

Photo Credit: The Sun

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ် ဗဟိုခံစစ်မှူး ဘာဒစ်ရှီလာက မိုနာကိုရဲ့ အကယ်ဒမီထွက် လူငယ် ဗဟိုခံစစ်မှူး တဦး ဖြစ်ပြီး ဘာဒစ်ရှီလာဟာ အမြင့်ဘောတွေကို ရှင်းထုတ်နိုင်သလို ကြံ့ခိုင်မှုလည်း ကောင်းကာ ပြိုင်ဘက် တိုက်စစ်မှူးတွေကို တဦးချင်း လူကပ် ကစားနိုင်တာကြောင့်ပဲ ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေက သူ့ကို ခေါ်ယူဖို့ မျက်စိကျခဲ့တာပဲ ဖြစ်ပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဒေးဗစ် အွန်စတိန်းရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက ယနေ့ညနေမှာပဲ ဘာဒစ်ရှီလာကို ခေါ်ယူဖို့ အပြီးသတ် သဘောတူညီမှု ရရှိခဲ့ပြီး ချယ်လ်ဆီးဟာ ဘာဒစ်ရှီလာ အတွက် မိုနာကိုထံ ပြောင်းရွှေ့ကြေး ပေါင် ၃၃သန်း ဝန်းကျင် ပေးချေရမယ်လို့ သိရပါတယ်။

Photo Credit: The Sun

နောက်ထပ် နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုကလည်း ချယ်လ်ဆီးဟာ ဘာဒစ်ရှီလာကို ခေါ်ယူနိုင်တော့မယ်လို့ ထပ်ဆင့် အတည်ပြုပေးခဲ့သလို ချယ်လ်ဆီးက မကြာခင်မှာပဲ ဘာဒစ်ရှီလာကို ဆေးစစ်မှုတွေ လုပ်ဆောင်ဖို့ ရှိနေကြောင်း ဆိုပါတယ်။