ချယ်လ်ဆီးအကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ ဆယ်ကျော်သက်အရွှယ် တောင်ပံတိုက်စစ်ကစားသမားလေး ဆင်မြူရယ်အစ်လင်းဂျုနီယာဟာ အခုဆိုရင် သူရဲ့ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားပြီဖြစ်တာကြောင့် အသင်းဘက်ကနေ သက်တမ်းတိုးဖို့ ကမ်းလှမ်းခြင်းကို ငြင်းဆန်ပယ်ချကာ အီတလီစီးရီးအေရဲ့အင်အားကြီး ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဂျုဗင်တပ်စ်လူငယ်အသင်းဆီကိုပဲ ပြောင်းရွှေ့သွားခဲ့ပြီလို့ သိရှိရပါတယ်။

Photo Credit : Goal

အသက်(၁၆)နှစ်အရွှယ်ရှိ ဆယ်ကျော်သက် အင်္ဂလန်တောင်ပံကစားသမားလေး ဆင်မြူရယ်အစ်လင်းဟာ ချယ်လ်ဆီးယူ-၁၈ အသင်းမှာ ပါဝင်ကစားနေသူဖြစ်ပြီး အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခါနီးမှာ အသင်းရဲ့စာချုပ်သစ်ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ပြီး ဂျုဗင်တပ်စ်အသင်းနဲ့ ပူးပေါင်းဖို့ကိုပဲ ဆုံးဖြတ်သွားခဲ့ပါတယ်။ အစ်လင်းဟာ ချယ်လ်ဆီးယူ-၁၈အသင်းမှာ ခြေစွမ်းကောင်းတွေကို ပြသထားသူဖြစ်လို့ အသင်းဘက်ကနေ လက်လွတ်မခံချင်တာဖြစ်ပေမယ့်လည်း ကစားသမားကိုယ်တိုင်က ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း ချယ်လ်ဆီးယူ-၁၈အသင်းနဲ့အတူ ပြိုင်ပွဲစုံ(၁၈)ပွဲ ပါဝင်ကစားထားခဲ့ကာ ဂိုးဖန်တီးမှု(၁)ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။

Photo Credit : Football Flake

အစ်လင်းကို ဂျုဗင်တပ်စ်အသင်းကနေ မခေါ်ယူနိုင်ခင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းမှာပဲ ပီအက်စ်ဂျီနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့လို ဥရောပထိပ်တန်းအသင်းတွေကနေ အပြိုင်စိတ်ဝင်စားခဲ့ကြသေးပေမယ့် အစ်လင်းကတော့ ဂျုဗင်တပ်စ်အသင်းကိုပဲ ရွေးချယ်သွားခဲ့တာဖြစ်ပါတယ်။ ဘယ်တောင်ပံရော ညာတောင်ပံနေရာမှာပါ ကျွမ်းကျင်ပိုင်နိုင်စွာ ဆော့ကစားတတ်ပြီး ပြေးအားလည်းကောင်းမွန်သလို အလိမ်အခေါက်ပါကောင်းတဲ့ ဘယ်ခြေအားသန် ကစားသမားတစ်ယောက်ဖြစ်ကာ ချယ်လ်ဆီးအသင်းအတွက်ကတော့ သူ့လို လူငယ်ကြယ်ပွင့်မျိုးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဆုံးရှံးလိုက်ရတာက အတော်လေးကို နစ်နာစေခဲ့ရပါတယ်။ အစ်လင်းကိုယ်တိုင်ကလည်း အင်္ဂလန်မှာ ဆက်နေဖို့ထက် သူရဲ့စီနီယာဖြစ်တဲ့ ဒေါ့မွန်တောင်ပံကစားသမား ဂျေဒန်ဆန်ချိုလို နိုင်ငံရပ်ခြားမှာ ဘောလုံးထွက်ကစားရင်း ကျော်ကြားအောင်မြင်လာတာကို ပိုနှစ်သက်တဲ့အတွက် အခုလို အီတလီမြေကို ပြောင်းရွှေ့လာခဲ့တာဖြစ်ကြောင်းနဲ့ ချယ်လ်ဆီးအသင်းနဲ့ပတ်သက်သမျှ လူတွေအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း သူရဲ့အင်စတာဂရမ်ပေါ်ကနေ ရေးသားဖော်ပြသွားခဲ့ပါတယ်။