ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းအသင်းဖြစ်တဲ့ ချယ်လ်ဆီးအသင်းကတော့ အေဂျက်အသင်းရဲ့ တောင်ပံကစားသမား ဇီရက်စ်ကို ခေါ်ယူဖို့ အေဂျက်အသင်းနဲ့ သဘောတူညီမှုရယူနိုင်ခဲ့ အပြီးမှာတော့ ယနေ့မနက်မှာ ဇီရက်စ်နဲ့ စာချုပ် ချုပ်ဆိုနိုင်ဖို့ပါ သဘောတူညီမှုရရှိခဲ့ပြီလို့ ကြေညာသွားခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ အသက်၂၆နှစ်အရွယ် ဇီရက်စ်ကို အသင်းမှာ အသက်၃၁နှစ်အရွယ်ထိ ရှိနေမယ့် ငါးနှစ် သက်တမ်းရှိတဲ့ စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့တာလို့ သိရှိရပါတယ်။

Photo Credit: Metro.com

ချယ်လ်ဆီးအသင်းဟာ ဟာဇက်ကို ဆုံးရှုံးရပြီးနောက်မှာ အားနည်းသွားတဲ့ အသင်းရဲ့ ဖန်တီးမှုအပိုင်း ၊ တစ်ဖက်အသင်းရဲ့ခံစစ်ကို ထိုးဖောက်ဝင်ရောက် ကစားနိုင်မှုစတဲ့ နေရာတွေအတွက် ဇီရက်စ်ကို ခေါ်ယူခဲ့တာဖြစ်ပြီး ဇီရက်စ် ကို ခေါ်ယူနိုင်ဖို့အတွက် အေဂျက်အသင်းကို ပြောင်းရွှေ့ကြေး ပေါင်၃၃သန်းပေးချေခဲ့ရတယ် လို့ ကနဦးကြေညာချက်တွေအရ သိရပါတယ်။ လက်ရှိမှာတော့ ဇီရက်စ်ဟာ ချယ်လ်ဆီးအသင်းထံကို လာရောက်ဦးမှာ မဟုတ်ပဲ နွေရာသီမှသာ အသင်းနဲ့လာရောက်ပူးပေါင်းမှာလည်း ဖြစ်ပါတယ်။

Photo Credit: Metro.com

ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ရမှုအပေါ် ဇီရက်စ်က ” ချယ်လ်ဆီးအသင်းလို အသင်းကြီး တစ်သင်းကို ပြောင်းရွှေ့နိုင်ခဲ့တဲ့အတွက် ဝမ်းသာ ဂုဏ်ယူမိပါတယ်။ ကျွန်တော်က လာမယ့် ဘောလုံးရာသီကို စောင့်မျှော်နေပြီး အသင်းနဲ့အတူ ဆုဖလားတွေရရှိဖို့ ကြိုးစားသွားချင်ပါတယ် ” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဇီရက်စ်ဟာ လက်ရှိ ဘောလုံးရာသီမှာ အေဂျက်အသင်း အတွက် နယ်သာလန်လိဂ်ပွဲစဉ် ၁၉ပွဲကစားထားရာမှာ ၆ဂိုးသွင်းယူထားပြီး ၁၂ဂိုး ဖန်တီးထားနိုင်ခဲ့ပါတယ်။ လမ်းပတ်ရဲ့လက်အောက်မှာ ဇီရက်စ်အနေနဲ့ ဟာဇက်လိုမျိုး အသင်းကို အကျိုးပြုနိုင်ပါ့မလား…..?