ဥရောပဘောလုံးအဖွဲ့ချုပ် ယူအီးအက်အေကနေပြီး ဒီတစ်ပတ်အတွင်းမှာ ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ ဥရောပချန်ပီယံလိဂ်ရဲ့ (၁၆)သင်းအဆင့် ရှံးထွက်ဒုတိယအကျော့ပွဲစဉ်(၄)ပွဲထဲကမှ အသင်းတွေအတွက် အထူးခြေစွမ်းပြသနိုင်ခဲ့ကြတဲ့ ကစားသမား(၁၁)ယောက်ကို အသင်းတစ်သင်းစာအဖြစ် ပြန်လည်ရွေးချယ်ရမှာတော့ အ့ံအားသင့်စရာကောင်းတာကတော့ လီဗာပူးလ်ကို အနိုင်ယူခဲ့တဲ့ပွဲမှာ အရမ်းတွေကို လက်စွမ်းပြသွားခဲ့တဲ့ အသက်လက်တီကိုအသင်းရဲ့ဂိုးသမားဂျန်အော့ဘလက်ကို ချန်လှပ်ထားခဲ့ပြီး လိုက်ပ်ဇစ်ဂိုးသမားဂူလာချီကိုသာ ရွေးချယ်သွားခဲ့ပါတယ်။

Photo Credit : Getty Image

UEFA က ဒီတစ်ပတ်ရဲ့ချန်ပီယံအကောင်းဆုံးအသင်းကို ၄-၁-၃-၂ ကစားကွက်နဲ့ ရွေးချယ်ခဲ့ပြီး လိုက်ပ်ဇစ်အသင်းကနေ ကစားသမား(၅)ယောက်အထိကို အများဆုံးရွေးချယ်ခံခဲ့ရကာ နောက်တစ်ဆင့်မတတ်ခဲ့တဲ့ ဗလင်စီယာအသင်းကနေလည်း ကစားသမား(၂)ယောက် ရွေးချယ်ခံရပါသေးတယ်။ စပါးအသင်းကို အိမ်ကွင်းမှာ ၃ဂိုး ဂိုးမရှိနဲ့ အနိုင်ယူခဲ့တဲ့ လိုက်ပ်ဇစ်အသင်းကနေ ဂိုးသမားဂူလာချီ နောက်ခံလူများဖြစ်ကြတဲ့ အိန်ဂျယ်လီနို အူပါမယ်ကာနို ကလိုစတောမန်းနဲ့ ကွင်းလယ်လူဆာဘစ်ဇာတို့ကတော့ ဒီတစ်ပတ်ရဲ့ချန်ပီယံလိဂ်အကောင်းဆုံးအသင်းမှာ အသီးသီးရွေးချယ်ခံခဲ့ရပါတယ်။

Photo Credit : Getty Image

နောက်ပြီး ချန်ပီယံလိဂ်ရဲ့ လက်ရှိချန်ပီယံလီဗာပူးလ်ကို အန်ဖီးလ်မှာပါ အနိုင်ယူခဲ့တဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ကွင်းလယ်လူလော်ရန်တေးနဲ့ တိုက်စစ်ကစားသမားမိုရာတာတို့ TOTW မှာ ပါဝင်လာခဲ့ကြပါတယ်။ ဒါပေမယ့် လီဗာပူးလ်တိုက်စစ်ရဲ့ ဂိုးပေါက်ကန်ချက်တွေကို ကာကွယ်နိုင်ခဲ့တဲ့ ဂိုးသမားအော့ဘလက်ကို ဒီတစ်ပတ်ရဲ့ TOTW ထဲမှာ မရွေးချယ်လာခဲ့တာတော့ နည်းနည်းဘဝင်မကျချင်စရာ ဖြစ်ခဲ့ရပါတယ်။ ဒေါ့မွန်ကို ၂ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ယူခဲ့တဲ့ ပွဲမှာ ပီအက်စ်ဂျီအသင်းအတွက် ဒုတိယမြောက်အနိုင်ဂိုးကို သွင်းယူခဲ့သူ ဘားနတ် အတ္တလန်တာကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ အသင်းရလဒ်ဆိုးခဲ့ပေမယ့် ခြေစွမ်းပြပြီး သွင်းဂိုးတွေရယူပေးခဲ့တဲ့ ကွင်းလယ်လူဖာဖန်တောရက်စ်နဲ့ တိုက်စစ်မှူးဂါမဲရိုးလ်တို့ TOTW မှာ ပါဝင်လာခဲ့ကြပါတယ်။ ဒီတစ်ပတ်ရဲ့ TOTW မှာ ပါဝင်ခဲ့သူ နောက်ဆုံးတစ်ယောက်ကတော့ သူတစ်ဦးတည်း သွင်းဂိုး(၄)ဂိုးရယူနိုင်ခဲ့တဲ့ အတ္တလန်တာကွင်းလယ်တိုက်စစ်ကစားသမား အီလီချစ်ပဲဖြစ်ပါတယ်။