ချန်ပီယံလိဂ်ညချမ်း (၁၆)သင်းအဆင့် ရှုံးထွက်ပြိုင်ပွဲရဲ့ ဒုတိယမြောက်ရက်သတ္တပတ်ကတော့ ပြန်လည်ရောက်ရှိလာပါပြီ။ ဒီတစ်ပတ်မှာတော့ ပြီးခဲ့တဲဲ့တစ်ပတ်တုန်းက ယှဉ်ပြိုင်ထားခြင်းမရှိတဲ့ ဘာစီလိုနာ ဂျုဗင်တပ်စ် ဘိုင်ယန်မြူးနစ် နာပိုလီ ချယ်လ်ဆီး မန်စီးတီး ရီးရဲလ်မက်ဒရစ်နဲ့ လိုင်ယွန်တို့လို တကယ့်ထိပ်တန်းအသင်းကြီးတွေ ယှဉ်ပြိုင်ကစားကြမှာဖြစ်လို့ စိတ်ဝင်စားစရာကောင်းနေမှာဖြစ်သလို တွေ့ဆုံမှုတွေကလည်း ရင်ခုန်စရာအနေအထားတွေဖြစ်နေလို့ ဒီပွဲတွေအကြောင်းကို ဆွေးနွေးသုံးသပ်သွားချင်ပါတယ်ခင်ဗျာ။

Photo Credit : RealSport101

ချယ်လ်ဆီး နဲ့ ဘိုင်ယန်မြူးနစ် (မနက်၂နာရီခွဲ)
ဘိုင်ယန်နဲ့ဆုံတိုင်း အမြဲဲတမ်းအလေးပေးမှုမရှိပေမယ့် နိုင်ပွဲတွေတော့ ရယူတတ်လေ့ရှိတဲ့ ချယ်လ်ဆီးတို့ ဒီတစ်ခါရော ဘိုင်ယန်ကို စတမ်းဖိုဒ့်ဘရစ်ချ်မှာ ဘာတွေထပ်ပြီးလုပ်ပြနိုင်ဦးမလဲဆိုတာ စိတ်ဝင်စားစရာပါ။ ပြီးခဲ့တဲ့တစ်ပတ်တုန်းကတော့ ချန်ပီယံလိဂ်မှာ အင်္ဂလန်အသင်းတွေ ရလဒ်မကောင်းထားခဲ့လို့ ချယ်လ်ဆီးအနေနဲ့ ဒါကိုတည့်မတ်အောင် လုပ်ပြနိုင်မလားဆိုတာကလည်း တကယ့်ကိုစောင့်ကြည့်ချင်စရာ အချက်တစ်ခုပါ။ ဒါပေမယ့် ချယ်လ်ဆီးမှာက ကန်တေ ပူလီဆစ် အိုဒွိုင်းတို့လို ကစားသမားတွေ ဒဏ်ရာရနေတာက အသင်းရဲ့အားကိုလျော့နည်းစေပြီး ဒီရာသီ အိမ်ကွင်းကစားဟန်ကလည်း အားရစရာ မရှိပါဘူး။ ဘိုင်ယန်ကလည်း ၂၀၁၂ ဖိုင်နယ်ရှုံးကြွေးကိုဆပ်ဖို့ အဆင့်သင့်ဖြစ်နေမှာပါ။ ချယ်လ်ဆီးရဲ့ စိတ်မချရတဲ့ နောက်တန်းကြောင့် ဘိုင်ယန်တို့ လန်ဒန်မြေမှာ ရလဒ်ကောင်းနိုင်ပါတယ်။

Photo Credit : Tibuna.com

နာပိုလီ နဲ့ ဘာစီလိုနာ (မနက်၂နာရီခွဲ)

ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ဒီပွဲမှာ နှစ်ဖက်အသင်းရဲ့ပရိသတ်တွေ ကွင်းတွင်းလာရောက်အားပေးမှုတောင် အနည်းငယ်လျော့ကျနိုင်ပါတယ်။ ဒါပေမယ့် ဒါက ဒီပွဲအပေါ်တော့ သိပ်ပြီးမသက်ရောက်နိုင်ဘူးလို့ ထင်ပါတယ်။ နှစ်သင်းလုံးရဲ့ နောက်ဆုံး၅ပွဲဆက် ရလဒ်တွေချင်း တူညီနေတယ်ဆိုပေမယ့် နာပိုလီကတော့ ဒီနောက်ပိုင်းမှသာ ခြေမှန်လာတာကို သတိပြုရမှာဖြစ်သလို ဘာစီလိုနာကလည်း အဝေးကွင်းမှာဆိုရင် ခြေစွမ်းအနည်းငယ်ယိုင်တတ်တာလည်း သတိထားစရာပါ။ နောက်ပြီး နာပိုလီက ဒီရာသီမှာ လီဗာပူးလ် ဂျုဗင်တပ်စ်နဲ့ အင်တာမီလန်တို့ကို အနိုင်ကစားထားတာ မေ့လို့မရပါဘူး။ ဘာစီလိုနာဘက်က အားသာနေတယ်ဆိုပေမယ့် နာပိုလီပဲ အရဲစွန့်ရွေးထားချင်ပါတယ်။