ချန်ပီယံလိဂ်ရဲ့ပြိုင်ပွဲရဲ့ (၁၆)သင်းအဆင့် ရှုံးထွက်ပွဲစဉ်တွေအတွက် မဲခွဲမှုကို မနေ့ညနေကပဲ ကျင်းပပြုလုပ်ခဲ့အပြီး ချန်ပီယံလိဂ်မှာ အုပ်စုအဆင့်ကနေ နောက်တစ်ဆင့်ဆီ တတ်လှမ်းထားခဲ့ရတဲ့ အင်္ဂလန်ပရီးမီးယားလိဂ်ရဲ့ ကလပ်အသင်းတွေဖြစ်သော လီဗာပူးလ် မန်စီးတီး ချယ်လ်ဆီးအသင်းတို့က ပြိုင်ဘက်ကောင်းတွေနဲ့ တွေ့ဆုံလို့နေပြီး အင်္ဂလန်ကလပ်အသင်းတွေအနေနဲ့ ဒီအသင်းတွေကို ကျော်လွှားပြီး (၁၆)သင်းအဆင့်ကနေ ကွာတားဖိုင်နယ်အဆင့်ဆီ တတ်လှမ်းသွားနိုင်မလားဆိုတာကို အကြိုသဘောလေးနဲ့ သုံးသပ်ကြည့်ချင်ပါတယ်။

Photo Credit : Twitter

မဲခွဲမှုရလဒ်တွေအရ လီဗာပူးလ်က လိုက်ပ်ဇစ်အသင်း မန်စီးတီးက မိုချန်ဂလာဘတ်အသင်း ချယ်လ်ဆီးကတော့ အသက်လက်တီကိုမက်ဒရစ်အသင်းနဲ့ အသီးသီးရင်ဆိုင်ကြရမှာဖြစ်ပါတယ်။ မဲခွဲမှုတွေအရ မိုချန်ဂလာဘတ်နဲ့ ဆုံတွေ့ရမယ့် မန်စီးတီးအသင်းက ပွဲအချောင်ဆုံးလို့ ယူဆနိုင်ပေမယ့်လည်း မန်စီးတီးက ဒီရာသီမှာ တိုက်စစ်ပိုင်းက အားနည်းချက်တွေ ရှိနေသလို မိုချန်ကလည်း ရီးရဲလ် အင်တာ ရှက်တာတို့လို အသင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ရာကနေ ဒီအဆင့်ကို တတ်လှမ်းလာနိုင်တဲ့အထိ စွမ်းဆောင်နိုင်ခဲ့တာဖြစ်လို့ သူတို့ရဲ့ခြေစွမ်းပိုင်းကိုလည်း လျှော့တွက်လို့ မရပါဘူး။

Photo Credit : Twitter

မန်စီးတီးအသင်းလိုပဲ နောက်ထပ်ဂျာမန်ကလပ်အသင်းဖြစ်တဲ့ လိုက်ပ်ဇစ်နဲ့ ရင်ဆိုင်ရမယ့် လီဗာပူးလ်အတွက်ကလည်း အနည်းငယ်တော့ ခက်ခဲမှုရှိနိုင်မယ့်ပွဲစဉ်လို့ သတ်မှတ်နိုင်ပါတယ်။ လိုက်ပ်ဇစ်က ဒီနှစ်ဘောလုံးရာသီအတွင်း အိမ်ကွင်းမှာ တောက်လျှောက်ကို အနိုင်ရထားခဲ့ပြီး ပီအက်စ်ဂျီနဲ့ မန်ချက်စတာယူနိုက်တက်လို အသင်းတွေကိုတောင် အိမ်ကွင်းမှာ အနိုင်ကစားထားကာ ဘိုင်ယန်ကိုလည်း အဝေးကွင်းမှာ (၃)ဂိုးစီ သရေကျအောင် ကစားထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးလ်ဘက်က လိုက်ပ်ဇစ်နဲ့ ရင်ဆိုင်ရမယ့် အချိန်ကျရင် ဒဏ်ရာရကစားသမားတွေလည်း (ဗန်ဒိုက်ကလွဲပြီး) ပြန််သက်သာလာဖွယ် ရှိနေတာကြောင့် အသင်းရဲ့လူအင်အားက တောင့်တင်းနေနိုင်ပါတယ်။ ချယ်လ်ဆီးအသင်းကတော့ ဒီရာသီ ချန်ပီယံလိဂ်မှာ စပိန်အသင်းတွေနဲ့ အတော်လေး ရေစက်ဆုံလို့နေပြီး အုပ်စုအဆင့်မှာ ဆီဗီလာနဲ့ ဆုံတွေ့ခဲ့သလို ရှုံးထွက်အဆင့်မှာလည်း အသက်လက်တီကိုနဲ့ ကြုံ့တွေ့နေရပါတယ်။ နှစ်သင်းလုံးက ဒီရာသီမှာ ပုံစံကောင်းတွေ ပြသနေလျက်ရှိသလို ပြည်တွင်းလိဂ်တွေမှာလည်း ချန်ပီယံလမ်းကြောင်းအတွင်း ရှိနေကြတဲ့ အသင်းတွေဖြစ်လို့ ဒီအသင်းတွေရဲ့ တွေ့ဆုံမှုက အလွန်ကို စိတ်ဝင်စားဖို့ကောင်းနေမှာပါ။ ဘယ်အသင်း ကွာတားဖိုင်နယ်ကို ရောက်ရှိနိုင်မလဲဆိုတာကလည်း မှန်းရခက်စေနိုင်ပါတယ်။ စပိန်နဲ့ဂျာမန်ဘက်က ကလပ်အသင်း(၄)သင်းလုံး (၁၆)သင်းအဆင့်ဆီ တတ်လှမ်းခဲ့ချိန်မှာ အင်္ဂလန်ဘက် ဒီအဆင့်ကို (၃)သင်းပဲ တတ်လှမ်းလာခဲ့သလို ဒီ(၃)သင်းလုံးကလည်း ချန်ပီယံလိဂ် ခရီးကြမ်းကို ဆက်လက်ခရီးနှင်ခွင့် ရရှိဦးမလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။