ကဲ ဒီနေ့ညမှာတော့ ပရိသတ်တွေကို ရင်ခုန် စိတ်လှုပ်ရှားစရာတွေ ပေးစွမ်းမယ့် ချန်ပီယံလိဂ်ပွဲစဉ်တွေ တဖန် ပြန်လာပါပြီ။ ဒီနေ့ညမှာ ကစားမယ့် ချန်ပီယံလိဂ်ပွဲတွေက ရှုံးထွက်အဆင့် ပွဲစဉ်တွေ ဖြစ်သလို နောက်တဆင့်ဆီ ဘယ်အသင်းတွေ တက်နိုင်မလဲ ဆိုတာကို အဆုံးအဖြတ်ပေးမယ့် ပွဲစဉ်တွေ ဖြစ်တာကြောင့် ရေကုန်ရေခမ်း ယှဉ်ပြိုင် ကစားကြမယ့် ပွဲစဉ်တွေပါ။ ဒါကြောင့် ကျွန်တော်တို့ရဲ့ MYSPORT Team ကနေ ပြီးတော့ ချန်ပီယံလိဂ် ပွဲကြို သုံးသပ်ချက်တွေကို တင်ဆက် ပေးသွားချင်ပါတယ်။ စလိုက်ရအောင်ဗျာ…။

Photo Credit: Bola Net

ဘင်ဖီကာနဲ့ ကလပ် ဘရုဂေး (ဗုဒ္ဓဟူးနေ့ မနက် ၂နာရီခွဲ)

ဘင်ဖီကာနဲ့ ဘရုဂေးတို့ရဲ့ ပထမအကျော့ပွဲမှာ ဘင်ဖီကာက ဘရုဂေးကို အဝေးကွင်းမှာ ၀-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဒါကြောင့် ဒီပွဲမှာသာ အိမ်ရှင် ဘင်ဖီကာတို့က အနိမ့်ဆုံး သရေရလဒ်ကို ရအောင် ကစားနိုင်ရင် နောက်တဆင့်ဆီ တက်ရောက်နိုင်မှာပဲ ဖြစ်ပါတယ်။ အုပ်စုအဆင့်မှာ ခြေစွမ်းအကောင်းဆုံးအသင်း အဖြစ် မှတ်တမ်းဝင်ထားတဲ့ ဘရုဂေးကတော့ နည်းပြအပြောင်းအလဲ လုပ်ပြီးနောက် ခြေစွမ်းတွေ ထိုးကျနေတဲ့ အသင်း ဖြစ်ပြီး ပါကားရဲ့ လက်အောက်မှာ ဘရုဂေးက နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၆ပွဲမှာ ၁ပွဲသာ အနိုင်ရထားသလို အဝေးကွင်းခြေကလည်း အတော်လေး ညံ့နေပါတယ်။

ဘင်ဖီကာကတော့ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၉ပွဲမှာ ၈ပွဲနိုင် ၊ ၁ပွဲရှုံး ဆိုတဲ့ ရလဒ်ကို ပိုင်ဆိုင်ထားပြီး အနိုင်ရခဲ့တဲ့ ၈ပွဲအနက် ၁ပွဲထဲသာ ဂိုးပြန်ပေးခဲ့ရတဲ့ အထိ ခြေစွာနေပါတယ်။ ဒါကြောင့် ဒီနေ့ညမှာ အိမ်ရှင် ဘင်ဖီကာတို့ကပဲ ဘရုဂေးကို ဆက်လက် အနိုင်ယူကာ နောက်တဆင့်ဆီ တက်ရောက်သွားနိုင်ပါလိမ့်မယ်။

ခန့်မှန်းရလဒ် – ဘင်ဖီကာ ၃-၀ ဘရုဂေး

Photo Credit: The Sun

ချယ်လ်ဆီးနဲ့ ဒေါ့မွန် (ဗုဒ္ဓဟူးနေ့ မနက် ၂နာရီခွဲ)

ဒီပွဲက ချယ်လ်ဆီးနည်းပြ ဂရေဟမ် ပေါ်တာ အတွက် သေရေးရှင်ရေးတမျှ အရေးကြီးတဲ့ပွဲပါ။ ဒီပွဲမှာသာ ချယ်လ်ဆီးက ရလဒ်ကောင်း တခု မရခဲ့ရင် ချယ်လ်ဆီးဘုတ်အဖွဲ့က ဂရေဟမ် ပေါ်တာကို ရာထူးကနေ ထုတ်ပယ်နိုင်ချေ ရှိပါတယ်။ ဒါပေမယ့် တဖက်မှာ ချယ်လ်ဆီး ရင်ဆိုင်ရမယ့် အသင်းက လက်ရှိမှာ ဘွန်ဒက်လီဂါရဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်တဲ့ ဒေါ့မွန်ပါ။ ဒါကြောင့် ချယ်လ်ဆီးအတွက် လွယ်ကူတဲ့ ပွဲမျိုး ဖြစ်လာမှာတော့ မဟုတ်ပါဘူး။

ပထမအကျော့မှာ ဒေါ့မွန်က ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရထားလို့ ဂျာမန်သားတွေအနေနဲ့ ဒီပွဲမှာ အနိမ့်ဆုံး သရေရလဒ် ရအောင် ဆော့ကစားနိုင်ရုံနဲ့ နောက်တဆင့်ဆီ တက်လှမ်းနိုင်မှာပါ။ အိမ်ရှင် ချယ်လ်ဆီးကတော့ ဒေါ့မွန်ကို ၂ဂိုးပြတ် အနိုင်ယူနိုင်မှပဲ ကွာတားဖိုင်နယ်ဆီ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိခြေစွမ်းအရ ချယ်လ်ဆီးက ဒေါ့မွန်ကို အနိုင်ယူဖို့ ခက်ခဲနိုင်တာကြောင့် ဒီပွဲဟာ သရေရလဒ်နဲ့သာ အဆုံးသတ်သွားနိုင်ပါတယ်။

ခန့်မှန်းရလဒ် – ချယ်လ်ဆီး ၁-၁ ဒေါ့မွန်