ကဲ ကျွန်တော်တို့ ပရိသတ်တွေ ရင်ခုန် စိတ်လှုပ်ရှားရမယ့် ချန်ပီယံလိဂ် ညချမ်းတွေက တဖန် ပြန်လည် ရောက်ရှိလာခဲ့ပါပြီ။ ဒီနေ့ညမှာတော့ ပေါ်တိုနဲ့ အင်တာမီလန် ၊ မန်ချက်စတာ စီးတီးနဲ့ လိုက်ပ်ဇစ်တို့လို ပွဲကောင်းတွေ ရှိနေပြီး လေးသင်းစလုံးက နောက်တဆင့်ဆီ တက်နိုင်ဖို့ အခွင့်အရေးကောင်းတွေ ပိုင်ဆိုင်ထားတာကြောင့် နှစ်ပွဲစလုံးဟာ အတော်လေးကို အကြိတ်အနယ် ရှိမှာ သေချာပါတယ်။ ဒါကြောင့် ကျွန်တော်တို့ MYSPORT Teamကလည်း ပရိသတ်တွေ အတွက် ပွဲကြို ခန့်မှန်း သုံးသပ်ချက်လေးကို တင်ဆက်ပေးသွားချင်ပါတယ်။ စလိုက်ရအောင်ဗျာ…။

Photo Credit: Fox Sports

ပေါ်တိုနဲ့ အင်တာမီလန် (ဗုဒ္ဓဟူးနေ့ မနက် ၂နာရီခွဲ)

ဒီပွဲရဲ့ ပထမအကျော့ အဖြစ် အီတလီမြေမှာ ယှဉ်ပြိုင် ကစားခဲ့ကြတုန်းက အိမ်ရှင် အင်တာမီလန်ဟာ အိမ်ကွင်းမှာ ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဒါကြောင့် ဒီပွဲမှာ အင်တာမီလန်က အနိမ့်ဆုံး သရေရလဒ် ရယူနိုင်ရုံနဲ့ နောက်တဆင့်ဆီ တက်နိုင်မှာ ဖြစ်ပြီး အိမ်ရှင် ပေါ်တိုကတော့ မဖြစ်မနေ အနိုင်ရလဒ် ရအောင် ယူဖို့ လိုပါတယ်။

နှစ်သင်းစလုံးက ခြေစွမ်းပိုင်း များစွာ ကွာခြားလှခြင်း မရှိပေမယ့် ပေါ်တိုရဲ့ အိမ်ကွင်း ကစားအားက အတော်လေးကို ကောင်းပါတယ်။ ပေါ်တိုက နောက်ဆုံး ကစားခဲ့တဲ့ အိမ်ကွင်း ၁၀ပွဲမှာ ဗီဆန်တီကို မထင်မှတ်ပဲ ရှုံးနိမ့်ခဲ့တဲ့ပွဲကလွဲရင် ကျန်တဲ့ ၉ပွဲစလုံးကို အနိုင်ကစားထားနိုင်ပါတယ်။ တဖက်မှာတော့ ဧည့်သည် အင်တာမီလန်ရဲ့ အဝေးကွင်းခြေစွမ်းက အားရစရာ မကောင်းပါဘူး။ အင်တာမီလန်က နောက်ဆုံး ကစားခဲ့တဲ့ အဝေးကွင်း ၃ပွဲဆက် နိုင်ပွဲ ပျောက်ထားပြီး ဘိုလော့ဂ်နာနဲ့ စပီဇီယာတို့ကို ရှုံးနိမ့်ခဲ့ကာ ဆမ်ဒိုးရီးယားကိုလည်း သရေသာ ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အင်တာမီလန်က အရေးကြီးတဲ့ ပွဲတွေ ရောက်ရင် ညှစ်ကစားနိုင်စွမ်း ရှိတာကြောင့် ဒီပွဲက သရေရလဒ်နဲ့သာ အဆုံးသတ်မယ်လို့ ထင်ပါတယ်။

ခန့်မှန်းရလဒ် – ပေါ်တို ၂-၂ အင်တာမီလန်

Photo Credit: Fox Sports

မန်ချက်စတာ စီးတီးနဲ့ လိုက်ပ်ဇစ် (ဗုဒ္ဓဟူးနေ့ မနက် ၂နာရီခွဲ)

မန်ချက်စတာ စီးတီးနဲ့ လိုက်ပ်ဇစ်တို့ရဲ့ ပွဲကတော့ ဒီတပတ်မှာ ကစားမယ့် ချန်ပီယံလိဂ်ပွဲတွေ အနက် အကောင်းဆုံးပွဲလို့တောင် ပြောလို့ ရပါမယ်။ နှစ်သင်းစလုံးက တိုက်စစ်ရော ၊ ခံစစ်ပိုင်းပါ ကောင်းကြသလို ပထမအကျော့မှာလည်း ၁-၁ သရေရလဒ်နဲ့ ပြီးဆုံးထားတာကြောင့် ဒီပွဲမှာ အနိုင်ရတဲ့ အသင်းက နောက်တဆင့်ဆီ တက်လှမ်းနိုင်မှာပါ။

ဒီပွဲမှာ အိမ်ရှင် ဖြစ်တဲ့ မန်ချက်စတာ စီးတီးက နောက်တဆင့်ဆီ တက်လှမ်းနိုင်ဖို့ ပိုမို အလေးသာနေပေမယ့် ဧည့်သည် လိုက်ပ်ဇစ်ရဲ့ တန်ပြန်တိုက်စစ်ကိုလည်း လျှော့တွက်လို့ မရပါဘူး။ လိုက်ပ်ဇစ်မှာ အဓိက တိုက်စစ်မှူး အန်ကွန်ကူ ပါဝင်နိုင်မှာ မဟုတ်ပေမယ့် တီမိုဝါနာနဲ့ အန်ဒရီ ဆေးလ်ဗားတို့ ဦးဆောင်နေတဲ့ တိုက်စစ်ပိုင်းက အိမ်ကွင်း ၊ အဝေးကွင်း မရွေးပဲ သွင်းဂိုးတွေ ရှာဖွေနိုင်သလို ဖော့စ်ဘက် ၊ ဆာဘော့ဇလိုင်းနဲ့ အိုလ်မိုတို့ရဲ့ ကွင်းလယ်ကလည်း ဘယ်အသင်းရဲ့ ကွင်းလယ်ကိုမဆို ယှဉ်နိုင်ပါတယ်။

တဖက်မှာတော့ မန်ချက်စတာ စီးတီးက သူတို့ရဲ့ ထုံးစံအတိုင်း ဘယ်အသင်းနဲ့တွေ့တွေ့ ကစားကွက် အသာစီးနဲ့ ဆော့ကစားနိုင်စွမ်း ရှိသလို ဒီရာသီ အိမ်ကွင်း စွမ်းဆောင်ရည်ကလည်း အတော်လေး ကောင်းနေပါတယ်။ ဒါပေမယ့် မန်ချက်စတာ စီးတီးက နောက်တဆင့်ဆီ တက်ချင်ရင် မလိုအပ်ပဲ သွင်းဂိုးတွေ အလွယ်တကူ ခွင့်ပြုပေးနေရတာကို သတိထားဖို့ လိုအပ်ပါမယ်။ လိုက်ပ်ဇစ်က မန်ချက်စတာ စီးတီးကို ယှဉ်ကစားနိုင်စွမ်း ရှိပေမယ့် အိမ်ရှင် အားသာချက် ရှိနေတဲ့ မန်ချက်စတာ စီးတီးကပဲ ဒီပွဲကို အနိုင်ယူပြီး ကွာတားဖိုင်နယ်ဆီ တက်သွားပါလိမ့်မယ်။

ခန့်မှန်းရလဒ် – မန်ချက်စတာ စီးတီး ၂-၁ လိုက်ပ်ဇစ်