ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့် ပွဲစဉ်တွေအားလုံးက ပြီးဆုံးသွားခဲ့ပါပြီ။ နောက်တစ်ဆင့်ဖြစ်တဲ့ (၁၆)သင်းရှုံးထွက်အဆင့်ကိုလည်း အသင်းကြီး တော်တော်များများက တတ်လှမ်းသွားခဲ့ရပြီ ဖြစ်ပေမယ့်လည်း နောက်တစ်ဆင့်တတ်ဖို့ ရေပန်းစားခဲ့ကြတဲ့ ဘာစီလိုနာ ဒေါ့မွန် အေစီမီလန်တို့ကတော့ ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ နောက်တစ်ဆင့်ကို တတ်လှမ်းသွားခဲ့ရတဲ့ အသင်းတွေထဲကမှာ ပရီးမီးယားလိဂ်က ကလပ်အသင်း(၄)သင်းလုံး ပါဝင်နေတာဖြစ်လို့ ဒီအသင်းတွေအနေနဲ့ (၁၆)သင်းအဆင့်မှာ ဘယ်ပြိုင်ဘက်တွေနဲ့ ဆုံတွေ့နိုင်မလဲဆိုတာ ဖော်ပြပေးသွားချင်ပါတယ်။

ချယ်လ်ဆီး

အုပ်စုနောက်ဆုံးပွဲမှာ ဇင်းနစ်ကို သရေသာ ကစားနိုင်ခဲ့တဲ့ ချယ်လ်ဆီးက အုပ်စုဒုတိယနေရာကိုသာ ရရှိခဲ့တာဖြစ်လို့ (၁၆)သင်းရှုံးထွက်အဆင့်မှာ တခြားအုပ်စုတွေက အုပ်စုဗိုလ်အသင်းတွေဖြစ်တဲ့ ဘိုင်ယန်မြူးနစ် ရီးယဲလ်မက်ဒရစ် လိုင်လီ အေဂျက်စ်တို့နဲ့ ဆုံရနိုင်ပါတယ်။ ချယ်လ်ဆီးအတွက် လိုင်လီလောက်ကလွဲရင် ကျန်တဲ့ ကလပ်အသင်းတွေက ခက်ခဲမယ့် ပြိုင်ဘက်တွေ ဖြစ်လာနိုင်ပြီး ဒီ(၃)သင်းလုံးမှာလည်း အေဂျက်စ်နဲ့ဘိုင်ယန်တို့က အုပ်စုပွဲ အားလုံးအနိုင်ရထားသလို ရီးယဲလ်ကလည်း အုပ်စု(၅)ပွဲတောင် အနိုင်ရထားတဲ့ အသင်းဖြစ်ပါတယ်။

လီဗာပူးလ်

မရဏအုပ်စုဆိုတဲ့ အုပ်စုမှာတောင် ပွဲအားလုံးကို အနိုင်ရအောင် ကစားထားပြီး နောက်တစ်ဆင့်ကို အသာအယာ တတ်လှမ်းထားတဲ့ လီဗာပူးလ်ကတော့ လာမယ့်(၁၆)သင်းအဆင့်မှာ ပီအက်စ်ဂျီ အင်တာမီလန် စပို့တင်းလစ္စဘွန်း ဗီလာရီးယဲလ် ဘင်ဖီကာ ဆာလ်ဇ်ဘာ့ဂ်အသင်းတွေနဲ့ ဆုံတွေ့နိုင်ပါတယ်။ ဒီအသင်းတွေထဲမှာ လီဗာပူးလ်အတွက် အခက်ခဲဆုံး ပြိုင်ဘက်ဖြစ်နိုင်တာက ပီအက်စ်ဂျီနဲ့ အင်တာမီလန် နှစ်သင်းလောက်သာ ရှိနိုင်မယ်လို့ ယူဆမိပါတယ်။

မန်ချက်စတာစီးတီး

မန်စီးတီးကလည်း ပီအက်စ်ဂျီ လိုက်ပ်ဇစ်တို့လို အသင်းမျိုးတွေနဲ့ ဆုံခဲ့ရတဲ့ အုပ်စုမျိုးမှာ အုပ်စုပထမနေရာနဲ့ နောက်တစ်ဆင့်ကို တတ်လှမ်းလာခဲ့တာဖြစ်လို့ လာမယ့်အဆင့်မှာ အသက်လက်တီကို အင်တာမီလန် စပို့တင်းလစ္စဘွန်း ဗီလာရီးယဲလ် ဘင်ဖီကာ ဆာလ်ဇ်ဘာ့ဂ်အသင်းတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရနိုင်ပါတယ်။ ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းအတွက်ကတော့ အင်တာမီလန် အသက်လက်တီကိုအသင်းတွေလောက်သာ အကြိတ်အနယ် ကစားရမယ့် ပြိုင်ဘက်တွေ ဖြစ်နိုင်မယ်လို့ ထင်မိပါတယ်။

မန်ချက်စတာယူနိုက်တက်

အုပ်စုပွဲစဉ်(၅)မှာ ဗီလာရီးယဲလ်ကို အနိုင်ရလိုက်တည်းက အုပ်စုဗိုလ်နေရာကို ရရှိသွားခဲ့ရတဲ့ ယူနိုက်တက်အသင်းကတော့ ပီအက်စ်ဂျီ အသက်လက်တီကို အင်တာမီလန် ဘင်ဖီကာ ဆာလ်ဇ်ဘာ့ဂ်အသင်းတွေနဲ့ နောက်တစ်ဆင့်မှာ တွေ့ဆုံရနိုင်ပါတယ်။ တကယ်လို့ ယူနိုက်တက်နဲ့ ပီအက်စ်ဂျီတို့သာ တွေ့ဆုံဖြစ်မယ်ဆိုရင် ဘောလုံးနယ်ပယ်ရဲ့ GOAT ကြီးနှစ်ယောက်ဖြစ်တဲ့ ရော်နယ်လ်ဒို မက်ဆီတို့ ထပ်မံတွေ့ဆုံမှုကို မြင်တွေ့ရနိုင်ပါမယ်။ ယူနိုက်တက်အတွက် ပီအက်စ်ဂျီ အသက်လက်တီကိုနဲ့ အင်တာတို့က အခက်ခဲဆုံး ပြိုင်ဘက်တွေ ဖြစ်လာနိုင်ပါတယ်။