နွေအပြောင်းအရွှေ့စျေးကွက် ပိတ်သိမ်းသွားတဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ MySport Myanmar ပရိသတ်တွေအတွက် စိတ်ဝင်စားစေနိုင်မယ့် အစီအစဉ်တစ်ခုအဖြစ် လာမယ့် အောက်တိုဘာ(၂၃)ရက်နေ့မှာ စတင်ကျင်းပသွားတော့မယ့် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့်ပွဲစဉ်တွေနဲ့ပတ်သက်ပြီး အုပ်စု(၁)စုချင်းစီရဲ့အကြောင်းတွေကို သုံးသပ်တင်ဆက်ပေးသွားချင်ပါတယ်။ ဒီနေ့ကိုတော့ အုပ်စု(A)ကနေ စတင်သွားချင်ပါတယ်။ ဒီအုပ်စုမှာတော့ ဘိုင်ယန်မြူးနစ် အသက်လက်တီကို ဆာလ်ဇ်ဘာ့ဂ်နဲ့ လိုကိုမိုးတစ်မော်စကိုတို့ ပါဝင်လို့နေပါတယ်။

Photo Credit : Sky Sports

ဒီအုပ်စုကို ရုတ်တရက်ကြည့်လိုက်မယ်ဆိုရင် ဘိုင်ယန်နဲ့အသက်လက်တီကိုတို့ပဲ နောက်တစ်ဆင့်တတ်လိမ့်မယ်လို့ ယူဆမိမှာ သေချာပါတယ်။ ဘိုင်ယန်က ချန်ပီယံလိဂ်ရဲ့ လက်ရှိချန်ပီယံဖြစ်တဲ့အပြင် အသက်လက်တီကိုကလည်း ချန်ပီယံမှာ ဒုတိယနေရာရထားတဲ့ အသင်းဖြစ်လို့ ဒီအုပ်စုမှာ ဒီအသင်းတွေကပဲ နောက်တစ်ဆင့်တတ်ဖို့ ရေပန်းစားနေတာကတော့ သိပ်မထူးဆန်းပါဘူး။ အဓိကထားပြီး စောင့်ကြည့်ရမှာက ဒီ(၂)သင်းထဲမှာ ဘယ်အသင်းက အုပ်စုပထမနေရာကို အရယူနိုင်မလဲဆိုတာပါပဲ။

Photo Credit : Goal

လက်ရှိအချိန် ဘိုင်ယန်က ခံစစ်ပိုင်းလေးမှာ အနည်းငယ်ပြသာနာရှိလို့နေပြီး အသက်လက်တီကိုကတော့ လာလီဂါအဖွင့်ပွဲမှာပဲ ဂိုးမြူးခဲ့ပြီး နောက်ပွဲတွေမှာ တိုက်စစ်က ဂိုးမရတော့တဲ့ ပြသာနာနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီအသင်းကြီး(၂)သင်းကို ဖယ်လိုက်ပြီး လက်ကျန်အသင်း(၂)သင်းကို ကြည့်ရမယ်ဆိုရင် ပထမဆုံး သုံးသပ်ချင်တာက ရုရှားကလပ် လိုကိုမိုးတစ်အကြောင်းပါ။ လိုကိုမိုးတစ်က လက်ရှိရုရှားလိဂ်ရဲ့ အဆင့်(၅)နေရာမှာ ရပ်တည်နေတာဖြစ်ပြီး ခြေစွမ်းပိုင်း သိပ်မဆိုးလှပေမယ့် အကောင်းကြီးမှာတော့ ရှိမနေပါဘူး။ သြစတြီးယားကလပ် ဆာလ်ဇ်ဘာ့ဂ်ကတော့ သူတို့ရဲ့ပြည်တွင်းလိဂ်မှာ အကောင်းဆုံးခြေစွမ်းပြနေခဲ့တာဆိုပေမယ့် ဟာလန်း မီနာမီနိုတို့လို ကြယ်ပွင့်ကစားသမားတွေ မရှိတော့လို့ အသင်းရဲ့အင်အားက နည်းနည်းတော့ အားနည်းနေနိုင်ပါတယ်။ သူတို့(၂)သင်းက ယူရိုပါလိဂ်ဝင်ခွင့်အတွက်ကိုပဲ အားပြိုင်ရဖွယ်ရှိနိုင်ပြီး လက်ရှိအနေအထားတွေအရ ဘိုင်ယန်နဲ့အသက်လက်တီကိုတို့ကိုတော့ဟန့်တားနိုင်ဖွယ် မရှိပါဘူး။ ဒါပေမယ့် ဒီအုပ်စုရဲ့ အင်အားကြီးအသင်းတွေဖြစ်တဲ့ ဘိုင်ယန်နဲ့အသက်လက်တီကိုတို့ တွေ့ဆုံရမယ့်ပွဲစဉ်ကတော့ အရမ်းကို စိတ်လှုပ်ရှားစရာကောင်းနေမှာ သေချာပါတယ်။ ဆိုတော့ ဒီအုပ်စုမှာ
အုပ်စုပထမ – ဘိုင်ယန်
အုပ်စုဒုတိယ – အသက်လက်တီကို
အုပ်စုတတိယ – ဆာလ်ဇ်ဘာ့ဂ်
အုပ်စုစတုတ္ထ – လိုကိုမိုးတစ် လို့ထင်မိပါတယ်ခင်ဗျာ။