ဒီနေ့မှာတော့ ချန်ပီယံလိဂ်ပွဲစဉ်တွေကို ပြန်လည် ကျင်းပသွားမှာဖြစ်ပြီး ပွဲစဉ်(၄)အထိလည်း ရောက်ရှိလာခဲ့ပြီဖြစ်လို့ ဘယ်အသင်းတွေ နောက်တစ်ဆင့် တက်လှမ်းမလဲ ဘယ်အသင်းတွေ ကျန်ခဲ့မလဲဆိုတာပါ အဖြေထွက်လာနိုင်ပါတော့မယ်။ ဒါပေမယ့် ဒီရာသီ ချန်ပီယံလိဂ်မှာ စိတ်ဝင်စားဖို့အကောင်းဆုံး ဖြစ်နေတဲ့ မရဏအုပ်စု အုပ်စု(F) အကြောင်းကိုပဲ အသေအချာ သုံးသပ်ပေးသွားချင်ပါတယ်။
အေစီမီလန် နဲ့ ပီအက်စ်ဂျီ(2:30AM)
Photo Credit : Goal
ပြင်သစ်မြေမှာ ပီအက်စ်ဂျီက မီလန်ကို (၃)ဂိုးပြတ်နဲ့ အနိုင်ရထားခဲ့ပြီး (၃)ပွဲကစား (၆)မှတ် ပိုင်ဆိုင်ထားပါတယ်။ မီလန်ကတော့ (၃)ပွဲကစားထားပြီးချိန် နိုင်ပွဲ လုံးဝမရထားသေးပဲ ဇယားအောက်ခြေမှာသာ ရှိနေရတယ်။ ပိုဆိုးတာက မီလန်ဟာ နောက်ဆုံး ကစားခဲ့တဲ့ အူဒီးနီးစ် အိမ်ကွင်းပွဲမှာပါ ရှုံးပွဲတွေ့ထားခဲ့ပြီး ပြိုင်ပွဲစုံ (၄)ပွဲဆက်တိုက်ပါ နိုင်ပွဲပျောက်ထားရပါတယ်။ ဒီလို အခြေအနေနဲ့ (၅)ပွဲဆက် အနိုင်ရထားတဲ့ ပီအက်စ်ဂျီကို ရင်ဆိုင်ဖို့က သိပ်မလွယ်ပါဘူး။ ကစားရမှာက မီလန်မှာ ဆိုပေမယ့်လည်း ဒဏ်ရာရ ကစားသမားတွေ များပြားနေလို့ ဧည့်သည် ပီအက်စ်ဂျီပဲ ရလဒ်ကောင်းသွားနိုင်ပါတယ်။
ဒေါ့မွန် နဲ့ နယူးကာဆယ်(12:15AM)
Photo Credit : CBS Sports
နယူးကာဆယ်က စိန့်ဂျိမ်းစ်ပတ်ခ်မှာ အသေအချာ ကစားခဲ့ရင်းနဲ့ ဒေါ့မွန်ကို အရေးနိမ့်ခဲ့တယ်။ အခု ဒေါ့မွန်ကွင်းမှာ ထပ်ကစားရမှာမို့ မလွယ်ပါဘူး။ ဒါပေမယ့် အာဆင်နယ်ကို ရှုံးပွဲတွေ့အောင် ကစားနိုင်ခဲ့တာမို့ ယုံကြည်မှုတွေ မြင့်တက်နေမှာဖြစ်ပြီး ဒေါ့မွန်ကလည်း အိမ်ကွင်းမှာပဲ ဘိုင်ယန်ကို အပြတ်အသတ် ရှုံးထားခဲ့လို့ ဒီပွဲမှာ ပြန်လည် ပေါက်ကွဲလာနိုင်ပါတယ်။ နှစ်သင်းလုံးက ရမှတ် (၄)မှတ်စီ ပိုင်ဆိုင်ထားပြီး လက်ရှိ အနေအထားအရ အဆင့်(၂)နေရာကို အပြိုင်လုရနိုင်တာမို့ ပိုအကြိတ်အနယ် ရှိလာနိုင်ပါတယ်။ ချန်ပီယံလိဂ် အတွေ့အကြုံပိုင်း ပိုသာနေတဲ့ ဒေါ့မွန်က အိမ်ကွင်း အားသာချက် ရှိနေပေမယ့် ဧည့်သည်အသင်းကို ပိုသဘောကျမိပါတယ်။