ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်တွေကိုတော့ ဒီနေ့ညမှာပဲ အပြီးသတ်နိုင်တော့မှာဖြစ်ပါတယ်။ မနေ့ညကတော့ အုပ်စုနောက်ဆုံးပွဲ ပထမညပွဲများကို ယှဉ်ပြိုင်ကစားစေခဲ့ပြီး လိုက်ပ်ဇစ် လာဇီယိုအသင်းတို့ဟာ နောက်တစ်ဆင့်တတ်ပြီးသား အသင်းတွေဖြစ်တဲ့ ချယ်လ်ဆီး ဘာစီလိုနာ ဂျုဗင်တပ်စ် ဒေါ့မွန် ပီအက်စ်ဂျီ ဆီဗီလာတို့နဲ့ (၁၆)သင်းအဆင့်ဆီကို တတ်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီနေ့ညမှာလည်း အုပ်စုနောက်ဆုံးပွဲစဉ်တွေရဲ့ ဒုတိယညပွဲတွေကို ဆက်လက်ကျင်းပမှာဖြစ်ပြီး (၁၆)သင်းအဆင့်အတွက် လက်ကျန်(၄)နေရာကို ဘယ်အသင်းတွေ ပိုင်ဆိုင်သွားမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

ဒီနေ့ညမှာ ယှဉ်ပြိုင်ကစားကြမယ့် အသင်းတွေထဲမှာတော့ ချန်ပီယံလိဂ်ရဲ့ လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ် လီဗာပူးလ် မန်စီးတီး ပေါ်တိုတို့ပဲ နောက်တစ်ဆင့်ကို တတ်လှမ်းထားခဲ့တာဖြစ်ပြီး လက်ကျန်(၄)နေရာအတွက် အသင်း(၈)သင်း ပြိုင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ ဒီထဲကမှ စိတ်ဝင်စားစရာအကောင်းဆုံး ဖြစ်လို့နေမယ့် အုပ်စုကတော့ အုပ်စု(B)ဖြစ်ပြီး တစ်အုပ်စုလုံးက အသင်း(၄)သင်းလုံးမှာ နောက်တစ်ဆင့်တတ်ရေးအတွက် မျှော်လင့်ချက်ကိုယ်စီ ရှိလို့နေတာကြောင့် အသင်းတိုင်းက သူတို့ရဲ့ အုပ်စုနောက်ဆုံးပွဲကို ဖိုင်နယ်ပွဲစဉ်တွေအတိုင်း ရေကုန်ရေခမ်း ယှဉ်ပြိုင်လာဖွယ် ရှိနေပါတယ်။

ချန်ပီယံလိဂ် မဲခွဲလိုက်ကတည်းက အုပ်စု(B)ရဲ့ အနေအထားကိုကြည့်ပြီး ထိပ်တန်းအသင်းတွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ အင်တာမီလန်အသင်းတွေကပဲ နောက်တစ်ဆင့်ကို တတ်လှမ်းနိုင်လိမ့်မယ်လို့ အများက ကောက်ချက်ချခဲ့ပေမယ့် တကယ်တမ်းမှာတော့ ဘယ်သူမှ မထင်ထားခဲ့တဲ့ မိုချန်ဂလာဘတ်နဲ့ ရှက်တာဒိုးနက်အသင်းတို့ရဲ့ တန်ပြန့်မှုကောင်းမွန်ခြင်းနဲ့ အသင်းကြီးတွေရဲ့ ခြေစွမ်းမမှန်ခြင်းတွေတို့ကြောင့် ချန်ပီယံလိဂ်မှာ အအောင်မြင်ဆုံးအသင်းအဖြစ် သတ်မှတ်ခံထားရတဲ့ ရီးရဲလ်အသင်းတောင် အုပ်စုကနေ လှည့်ပြန်ရနိုင်တဲ့ အနေအထားမျိုးနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီလိုပါပဲ နောက်ထပ် မက်ဒရစ်အသင်းတစ်သင်းဖြစ်တဲ့ အသက်လက်တီကိုဟာလည်း နိုင်သင့်နိုင်ထိုက်တဲ့ ပွဲတွေမှာ သရေပွဲတွေပဲ ဖြစ်ဖြစ်သွားလို့ အခု အုပ်စုနောက်ဆုံးပွဲမှာ သူတို့လိုပဲ နောက်တစ်ဆင့်တတ်ရေး မျှော်လင့်ချက်ရှိနေသေးတဲ့ ဆာလ်ဇ်ဘာဂ့်နဲ့ ပွဲကျပ်ရင်ဆိုင်ရပါတော့မယ်။ ဆာလ်ဇ်ဘာဂ့်နဲ့ အသက်လက်တီကိုတို့ရဲ့ပွဲလိုပဲ အေဂျက်စ်နဲ့ အတ္တလန်တာအသင်းတို့ ပွဲစဉ်ကလည်း အနိုင်ရတဲ့အသင်း နောက်တစ်ဆင့်ကို တတ်လှမ်းနိုင်မှာဖြစ်လို့ ဖိုင်နယ်တစ်ပွဲလိုပဲ စိတ်လှုပ်ရှားစရာကောင်းနေမှာ သေချာပါတယ်။ ဒီအသင်းတွေထဲကမှ နောက်တစ်ဆင့်တတ်ဖို့အတွက် အိမ်ကွင်းတွေမှာ ကစားရမယ့် ရီးရဲလ် အင်တာ သရေကျရင် နောက်တစ်ဆင့်တတ်မယ့် အသက်လက်တီကိုနဲ့ အေဂျက်စ်တို့ကပဲ ဖြစ်နိုင်ခြေအများဆုံးလို့ ထင်မိပါတယ်။