MySport Myanmar

ESL အကျိုးဆက်ကနေ ချန်ပီယံလိဂ်ပါ Ban ခံရနိုင်တာကြောင့် ရီးယဲလ်ကို ပယ်ချခဲ့တဲ့ ဘာပေ

လက်ရှိကလပ် ပီအက်စ်ဂျီအသင်းမှာပဲ ဆက်နေတော့မလိုလို ရီးယဲလ်မက်ဒရစ်အသင်းဆီကိုပဲ ပြောင်းရွှေ့တော့မလိုလိုနဲ့ နောက်ဆုံးမှာတော့ ပီအက်စ်ဂျီနဲ့သာ (၃)နှစ်သက်တမ်းရှိတဲ့ စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုခဲ့ပြီး လက်ရှိအသင်းနဲ့ပဲ ဆက်လက် လက်တွဲဖြစ်ခဲ့တဲ့ တိုက်စစ်ကစားသမားလေး ကီလီယန်အမ်ဘာပေဟာ သူရဲ့စိတ်ကူးအိမ်မက်အသင်း ရီးယဲလ်ကို ပယ်ချခဲ့ပြီး ပီအက်စ်ဂျီမှာပဲ ရှိနေခဲ့ရခြင်းက ရီးယဲလ်နဲ့ ပတ်သက်ပြီး စိတ်ပူပင်စရာ အကြောင်းအချက်တစ်ခု ရှိနေတာကြောင့်မို့ ဖြစ်တယ်လို့ စပိန်သတင်းစာ Sport ရဲ့ ဂျာနယ်လစ်တစ်ဦးက ဖော်ပြလာခဲ့ပါတယ်။

Photo Credit : CGTN

စပိန်လာလီဂါချန်ပီယံ ရီးယဲလ်မက်ဒရစ်အသင်းဟာ သူရဲ့ခါးသီးပြိုင်ဘက် ဘာစီလိုနာ အီတလီ စီးရီးအေ ထိ်ပ်သီးကလပ် ဂျုဗင်တပ်စ်အသင်းတွေနဲ့အတူ ဥရောပစူပါလိဂ်ပြိုင်ပွဲ (ESL) ကို ဦးဆောင် ကျင်းပသွားဖို့ စီစဉ်ထားခဲ့မှုကြောင့် ဥရောပဘောလုံးအဖွဲ့ချုပ်ကနေ ဒီအသင်း(၃)သင်းလုံးကို လာမယ့်ဘောလုံးရာသီကနေ စတင်ပြီး UEFA လက်အောက်က ဘောလုံးပြိုင်ပွဲတွေကနေ ထုတ်ပယ်တာမျိုးအထိ အပြစ်ပေးလာနိုင်ဖွယ် ရှိနေတာကြောင့် ဒီအချက် တစ်ချက်ကလည်း ဘာပေအနေနဲ့ ရီးယဲလ်ကို ပယ်ချပြီး ပီအက်စ်ဂျီမှာပဲ ဆက်လက်ရှိနေဖို့အတွက် အကြောင်းဖန်သွားရတာ ဖြစ်နိုင်တယ်လို့ စပိန်ဂျာနယ်လစ် စီရိုလိုပက်ဇ်က မှတ်ချက်ပြုသွားခဲ့ပါတယ်။

Photo Credit : The Mirror

ရီးယဲလ်ဥက္ကဌ ဖလော်ရန်တီနိုပီရက်ဇ် ဘာစီလိုနာဥက္ကဌ ဟိုဟန်လာပေါ်တာနဲ့ ဂျုဗင်တပ်စ်ဥက္ကဌ အဂ်ဂါနက်လီတို့ ပူးပေါင်းပြီး ချန်ပီယံလိဂ်ပြိုင်ပွဲထက် ပြိုင်ပွဲဝင်အသင်းတွေအတွက် ဝင်ငွေ ဆုကြေးငွေ အရမ်းကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်မယ့် ဥရောပစူပါလိဂ်ပြိုင်ပွဲကို လုပ်ဆောင်သွားဖို့ စီစဉ်နေခဲ့ပေမယ့် အဲ့ဒီကလပ်အသင်းရဲ့ ပရိသတ်တွေကပါ ဥရောပစူပါလိဂ်ကို ဆန့်ကျင်ခဲ့ကြသလို UEFA ကလည်း ဒီအသင်း(၃)သင်းလုံးကို မကြည်လင်တော့ပဲ ချန်ပီယံလိဂ်လို ပြိုင်ပွဲကြီးမျိုးကနေပါ ထုတ်ပယ်ဖို့အထိ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေတွေကြောင့် ရီးယဲလ်အသင်းဆီ ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတဲ့ ဘာပေက သူရဲ့ ဆုံးဖြတ်ချက်တွေကို ပြန်လည်ပြင်ဆင်ခဲ့ပြီး လက်ရှိကလပ် ပီအက်စ်ဂျီအသင်းနဲ့ပဲ ဆက်လက်ရှိနေဖို့သာ ပြန်လည်ဆုံးဖြတ်ခဲ့တာ ဖြစ်နိုင်တယ်လို့ ဂျာနယ်လစ်လိုပက်ဇ်က သုံးသပ်ထားခဲ့ပါတယ်။ ဒါပေမယ့်လည်း ပီအက်စ်ဂျီဘက်ကနေ ပေးလာခဲ့တဲ့ မြောက်များလှစွာသော ငွေကြေးနဲ့ အသင်းအတွင်း လုပ်ပိုင်ခွင့် ကမ်းလှမ်းချက်တွေကြောင့်သာ ဘာပေအနေနဲ့ ပီအက်စ်ဂျီမှာသာ ဆက်လက်ရှိနေရတာ ဖြစ်တယ်လို့ ဘောလုံးပရိသတ်များက မှတ်ချက်ပြုထားခဲ့ပါတယ်။

Exit mobile version