ဘောလုံးပရိသတ်တွေ စောင့်ဆိုင်းနေရတဲ့ ချန်ပီယံလိဂ်ညချမ်းတွေကတော့ ပြန်လာပြီဖြစ်ပါတယ်။ (၁၆)သင်းအဆင့်သာ ရှိသေးတယ်ဆိုပေမယ့်လည်း တွဲဆိုင်းတွေက ညတိုင်းအိပ်ရေးပျက်ခံပြီး ကြည့်ရလောက်အောင်ကို စိတ်ဝင်စားစရာကောင်းနေတာတဲ့ တွေ့ဆုံမှုတွေဖြစ်နေသလို စတင်ကစားမယ့် ပွဲတွေဆိုရင်ပဲ ဘယ်ပွဲကိုရွေးကြည့်ရမလဲမသိအောင်ကို ရွေးရခက်စေမှာပါ။ ဒါဆိုရင် ဒီပွဲတွေရဲ့ဖြစ်နိုင်စဖွယ်အခြေအနေတွေ အသင်းအနေအထားတွေကို သုံးသပ်ဆွေးနွေးပေးသွားချင်ပါတယ်ခင်ဗျာ။

Photo Credit : Match Day

ဒေါ့မွန် နဲ့ ပီအက်စ်ဂျီ (မနက်၂နာရီခွဲ)
ဒေါ့မွန်က ဒီရာသီမှာ အဝေးကွင်းစွမ်းဆောင်ရည် သာမာန်သာရှိပေမယ့်လည်း အိမ်ကွင်းမှာဆိုရင်တော့ အင်အားကောင်းလွန်းတဲ့ အသင်းတစ်သင်းလို ဖြစ်နေတတ်ပါတယ်။ အခုလည်း ပီအက်စ်ဂျီကို အိမ်ကွင်းမှာ လက်ခံကစားရတုန်းမှာ ရလဒ်ကောင်းတွေ ရယူသွားဖို့ သေချာပေါက်ကို ကြိုးစားလာပါလိမ့်မယ်။ ပီအက်စ်ဂျီကတော့ ဒီပွဲကို အသေအချာအာရုံစိုက်နိုင်ဖို့အတွက် အက်မီယန်နဲ့ပွဲမှာပါ အဓိက ကစားသမားတွေများစွာကို အနားပေးခဲ့ပြီး ရလဒ်ကိုပါ ရင်းခဲ့ပါသေးတယ်။ ပီအက်စ်ဂျီကလည်း အဝေးကွင်းမှာဆို ရီးရဲလ်လို အသင်းမျိုးကိုတောင် ဂိုးတွေပေးပြီးမှ သရေရအောင် ကစားနိုင်တာမို့ ဒီပွဲမှာလည်း အိမ်ရှင်ဆီကနေ အမှတ်ခွဲယူဖို့ ကြိုးစားမှာပါ။ အပြန်အလှန်ထိုးဖောက်မှုတွေနဲ့ သရေကျသွားနိုင်သလို အသင်းဟောင်းအကြောင်းကို သိရှိနေမယ့် တူချယ်ရဲ့ပီအက်စ်ဂျီကို ပိုသဘောကျမိပါတယ်။

Photo Credit : Futbolperuano

အသက်လက်တီကို နဲ့ လီဗာပူးလ် (မနက်၂နာရီခွဲ)
လီဗာပူးလ်ကတော့ မနှစ်က ချန်ပီယံလိဂ်ဖလားကြီးကို ကိုင်မြှောက်ခွင့်ရခဲ့တဲ့ မက်ထရိုပိုလီတာနိုကွင်းကြီးထဲ နောက်တနည်းပြောရရင်တော့ သူတို့ရဲ့အောင်မြေထဲကို ထပ်မံခြေချရပါတော့မယ်။ ဒီတစ်ခါတော့ ဒီကွင်းကြီးရဲ့ပိုင်ရှင် အသက်လက်တီကိုအသင်းနဲ့ ရင်ဆိုင်ရမှာပါ။ အသက်လက်တီကိုက ဥရောပရဲ့အင်အားကြီးအသင်းတစ်သင်းဆိုပေမယ့်လည်း လက်ရှိမှာတော့ ကစားအားကျဆင်းနေခဲ့ကာ အသင်းမှာကလည်း ဒဏ်ရာရကစားသမားဦးရေက များပြားလို့နေပါတယ်။ ဒါပေမယ့် ခံစစ်ပိုင်းမာဂုဏ်လေးကိုတော့ ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပြီး ဒီပွဲမှာလည်း ဆာလာ မာနေး ဖာမီနိုတို့ကို ထိန်းချုပ်ထားနိုင်မလားဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။ အမှားကင်းကင်းနဲ့ ထိန်းကစားကြဖွယ်ရှိနေလို့ ဂိုးအနည်းနဲ့ သရေဘက်ကို ဦးတည်သွားနိုင်ပြီး အိမ်ရှင်ကိုတော့ ပိုသဘောကျမိပါတယ်။