ကမ္ဘာပေါ်က ကလပ်အသင်းအဆင့် ပြိုင်ပွဲတွေထဲမှာ အကောင်းဆုံး ပြိုင်ပွဲတစ်ခုအဖြစ် သတ်မှတ်ခံထားရတဲ့ UEFA ရဲ့ ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲဟာ မကြာခင် အချိန်အတွင်းမှာပဲ ပြန်လည် စတင် ကျင်းပတော့မယ်လို့ သိရှိရပါတယ်။ လက်ရှိအချိန်မှာ ကမ္ဘာ့ကပ်ရောဂါတစ်ခု အဖြစ် သတ်မှတ်ခံထားရတဲ့ ကိုရိုနာဗိုင်းရပ် ပျံ့နှံ့နေမှုကြောင့် ဥရောပတိုက်မှာ ကျင်းပနေတဲ့ ဘောလုံးပြိုင်ပွဲ အများစုကို ခေတ္တရပ်နားထားခဲ့ရပြီး ချန်ပီယံလိဂ်ပြိုင်ပွဲ အပါအဝင် ယူရိုပါလိဂ် ၊ ပရီးမီးယားလိဂ် ၊ လာလီဂါ ၊ ဘွန်ဒက်လီဂါ ၊ စီးရီးအေ ၊ လီဂူးဝမ်းစတဲ့ ဥရောပ ထိပ်သီးလိဂ် တွေ အားလုံးဟာ ပြိုင်ပွဲကျင်းပနေမှုကို ခေတ္တ ရပ်ဆိုင်းထားကြပြီး ပြင်သစ်လီဂူးဝမ်းပြိုင်ပွဲ ဟာ ဆိုရင်တော့ အပြီးတိုင် ဖျက်သိမ်းလိုက်တဲ့ အဆင့်ကို ရောက်ခဲ့ပါတယ်။

Photo Credit: Metro.com

ဒါ့ကြောင့် ဘောလုံးပွဲစဉ်တွေကို အားပေးလေ့ရှိတဲ့ ပရိသတ်တွေဟာ သူတို့နှစ်သက်တဲ့ အခြား ထိပ်သီးလိဂ်တွေကရော လီဂူးဝမ်းလို ဖျက်သိမ်း သွားမလားဆိုတာ စိုးရိမ်နေကြပြီး လက်ရှိမှာတော့ လီဂူးဝမ်းကလွဲရင် ကျန်တဲ့ ထိပ်သီးလိဂ် အများစုက ပြန်လည်ကျင်းပဖို့ လုပ်ဆောင် နေကြကာ ဘွန်ဒက်လီဂါပြိုင်ပွဲနဲ့ လာလီဂါတို့ဟာ ဆိုရင် ပွဲစဉ်တွေကို ပြန်လည်စတင် ကစားမယ့် နေ့ရက်တွေကိုပါ သတ်မှတ်ထားပြီးပြီ ဖြစ်ပါတယ်။ ယနေ့မနက်ပိုင်းမှာ ထွက်ပေါ်လာတဲ့ သတင်းတွေအရ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲ ဟာ ဘယ်အချိန်မှာ ပြန်လည် စတင်မလဲဆိုတာကို အတည်ပြု သတ်မှတ်ခဲ့ပြီ ဖြစ်ကြောင်းနဲ့ ပြန်လည် စတင်မယ့်အချိန်ဟာ ဩဂုတ်လ ဖြစ်တယ်လို့ သိရှိရပါတယ်။

Photo Credit: Metro.com

ထွက်ပေါ်နေတဲ့ သတင်းတွေအရ ဥရောပ ဘောလုံးအဖွဲ့ချုပ်ဖြစ်တဲ့ UEFAဟာ ဩဂုတ်လ တစ်လအတွင်းမှာပဲ ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတို့ကို အပြီးသတ် ကျင်းပဖို့ ဆန္ဒရှိနေတယ်လို့ သိရကာ ပြိုင်ပွဲကို ပြန်လည် စတင်မယ့် နေ့ရက်ဟာ ဩဂုတ်လ ၇ရက်နေ့ဖြစ်တယ်လို့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ၁၆သင်းရှုံးထွက်အဆင့်မှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ လိုင်ယွန်အသင်းရဲ့ ဥက္ကဌ ဖြစ်သူက အတည်ပြုသွားခဲ့ပါတယ်။ လိုင်ယွန် အသင်းဟာ ချန်ပီယံလိဂ် ၁၆သင်းရှုံးထွက် အဆင့်မှာ စီးရီးအေ အင်အားကြီးအသင်းဖြစ်တဲ့ ဂျူဗင်တပ်အသင်းနဲ့ ရင်ဆိုင်နေရပြီး အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ပထမအကျော့ပွဲမှာတော့ တစ်ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အနိုင်ရထားတာကြောင့် နောက်တစ်ဆင့်တက်ဖို့အတွက် အခွင့်အရေးကောင်းတွေ ပိုင်ဆိုင်ထားတဲ့ အသင်းလည်း ဖြစ်ပါတယ်။