ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ အသင်းအတွက် ခြေစွမ်းကောင်းတွေ ထုတ်ပြထားနိုင်တဲ့ လူငယ်ကြယ်ပွင့် ချာလိုဘက်ကို ၂၀၂၆ခုနှစ် အထိ သက်တမ်းရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရပါတယ်။

အသက် ၂၂နှစ် အရွယ် ကွင်းလယ်ခံစစ် ကစားသမား ချာလိုဘက်ဟာ ချယ်လ်ဆီးအသင်းရဲ့ လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမား တဦး ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ အသင်းရဲ့ ပွဲစဉ် တချို့ကို ပါဝင် ကစားခွင့် ရထားကာ ခြေစွမ်းကောင်းတွေ ထုတ်ပြထားနိုင်သူပါ။

Photo Credit: Goal

ချာလိုဘက်ဟာ လူငယ်အသင်းမှာ ကစားစဉ်က ဗဟိုခံစစ် ကစားသမား တဦး အဖြစ် ခြေစွမ်းပြနိုင်ခဲ့သူ ဖြစ်ပေမယ့် ချယ်လ်ဆီးအသင်းကြီးထံ ရောက်ရှိလာစဉ်မှာတော့ ကွင်းလယ်ခံစစ်နဲ့ ဗဟိုခံစစ်ကို အလှည့်ကျ ကစားနေရသူ ဖြစ်ပြီး ပြင်းထန် အားပါတဲ့ ကန်သွင်းမှုတွေကို ပြုလုပ်နိုင်တဲ့ အရည်အချင်းကြောင့်ပဲ ချယ်လ်ဆီးနည်းပြ တူချယ်က သူ့ကို ကွင်းလယ်ခံစစ် ကစားသမား တဦး အဖြစ် ပုံသွင်းဖို့ ကြိုးစားနေပါတယ်။

ချာလိုဘက်ဟာ ယခုနှစ် ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်း အတွက် ပြိုင်ပွဲစုံမှာ ၁၀ ပါဝင် ကစားပေးထားကာ သွင်းဂိုး ၂ဂိုး အထိ သွင်းယူထားနိုင်ပြီး သူ့ရဲ့ သွင်းဂိုးတွေကလည်း ဂိုးဧရိယာ အပြင်ဘက် ကနေ သွင်းယူထားတဲ့ သွင်းဂိုးတွေ ဖြစ်ပါတယ်။

Photo Credit: Goal

ဒါကြောင့်ပဲ ချယ်လ်ဆီးအသင်းက ချာလိုဘက်ကို အသင်းရဲ့ အနာဂတ် အဖြစ် ရှုမြင်ကာ ၂၀၂၆ ခုနှစ် အထိ သက်တမ်း ရှိမယ့် ၅နှစ် စာချုပ် ကမ်းလှမ်းခဲ့တာ ဖြစ်ပြီး ချာလိုဘက်ကလည်း စာချုပ်သစ် ကမ်းလှမ်းမှုကို ခပ်မြန်မြန်ပဲ သဘောတူခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း တိုးခွင့် ရခဲ့တဲ့ အပေါ် ချာလိုဘက်က – “ အခုလို စာချုပ်သက်တမ်း တိုးနိုင်ခဲ့တာက အတော်လေး အိမ်မက်ဆန်တယ်လို့ ပြောရမှာပါ။ ကျွန်တော် ငယ်ငယ်ထဲက အားပေးလာတဲ့ အသင်းနဲ့ ကာလရှည် စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ဆိုတာက ကျွန်တော့်ရဲ့ အိမ်မက် တခုပါ။ ပြီးတော့ အသင်းမှာ အချိန်အကြာကြီး ဆက်နေနိုင်ရမယ် ဆိုတဲ့ အိမ်မက်လည်း ရှိပါသေးတယ်။ ဒီရာသီအစက ကျွန်တော့် အတွက် အတော်လေးကို ကောင်းခဲ့ပါတယ်။ ဒီလောက် အထိ ခြေစွမ်းပြ ၊ ကစားခွင့်ရလိမ့်မယ်လို့လည်း တခါမှ မမျှော်မှန်းခဲ့မိပါဘူး။ ဒါပေမယ့် ဒါတွေ အားလုံးက ကျွန်တော့်ရဲ့ အလုပ်ကြိုးစားမှုနဲ့ အငှားထွက်ကစားတဲ့ အချိန်မှာ အကောင်းဆုံး ကစားပြနိုင်ခဲ့လို့ ရလာတဲ့ ဆုလာဘ်တွေလို့ ထင်ပါတယ်။ ကျွန်တော်က ရာသီကြို အစီအစဉ်မှာထဲက နည်းပြ သဘောကျအောင် ကြိုးစားခဲ့တယ်။ အဲ့ဒါကြောင့်ပဲ ပွဲကစားခွင့်တွေ ရလာခဲ့တာပါ။ အခုတော့ ကျွန်တော့်ရဲ့ ခြေစွမ်းကို ဆက်ပြီး ထိန်းသိမ်းဖို့ပဲ ကျန်ပါတော့တယ်” လို့ ရင်ခုန်သံ စကားတွေ ပြောပြလာခဲ့ပါတယ်။