ဝါရင့်စပိန်ကွင်းလယ်ကစားသမားကြီး ဖာဘရီဂတ်စ်ဟာ လက်ရှိမှာ မိုနာကိုအသင်းရဲ့ ကစားသမားတစ်ယောက်ဖြစ်နေပေမယ့်လည်း နုနယ်စဉ်တုန်းကတော့ တကယ့်ကို ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်ခဲ့ကာ ကလပ်အသင်းတွေနဲ့ရော စပိန်လက်ရွေးစင်အသင်းနဲ့ရော အောင်မြင်မှုပေါင်းများစွာ ရယူနိုင်ခဲ့တဲ့ ကစားသမားကောင်းတစ်ယောက်ဖြစ်ခဲ့သလို ကမ္ဘာ့ဖလားဆုရော ယူရိုဆုဖလားတို့ကိုပါ ၂ကြိမ်တိုင်တိုင် ဆွတ်ခူးခဲ့ဖူးပြီး ပရီးမီးယားလိဂ်ဖလားနဲ့ စပိန်လာလီဂါအမှတ်ပေးဆုဖလားတွေကိုလည်း ပိုင်ဆိုင်ခဲ့ဖူးပါတယ်။

Photo Credit : AllFootball

လက်ရှိမှာ အသက်(၃၂)နှစ်အရွှယ်ရှိနေပြီဖြစ်တဲ့ စပိန်ကွင်းလယ်လူဟောင်း ဖာဘရီဂတ်စ်ဟာ အာဆင်နယ် ဘာစီလိုနာနဲ့ ချယ်လ်ဆီးအသင်းတွေမှာ သူရဲ့ကစားသမားဘဝကို ကျင်လည်ခဲ့ဖူးသူဖြစ်ပြီး အောင်မြင်မှုတွေကို ရယူခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒီလို ထိပ်တန်းအသင်းကြီးတွေမှာ ပါဝင်ခဲ့စဉ်တုန်းက ဖာဘရီဂတ်စ်ဟာ ဘောလုံးလောကရဲ့ ဒိတ်ဒိတ်ကြဲနည်းပြကြီးတွေနဲ့ လက်တွဲလုပ်ကိုင်ခဲ့ရပြီး အဲ့ဒီထဲကမှ သူ့အတွက် အကောင်းဆုံးဖြစ်ခဲ့တဲ့ နည်းပြတွေအဖြစ် အာဆင်နယ်နည်းပြဟောင်း အာဆင်ဝင်းဂါးနဲ့ ချယ်လ်ဆီးနည်းပြဟောင်း ဟိုဆေးမော်ရင်ဟိုတို့ကို ရွေးချယ်သွားခဲ့ပါတယ်။

Photo Credit : AllFootball

ဖာဘရီဂတ်စ်ဟာ လက်ရှိမှာ တခြားသော ဘောလုံးသမားတွေလိုပဲ ဗိုင်းရပ်စ်ပြသာနာကြောင့် ဘောလုံးကစားရခြင်းမရှိပဲ နေအိမ်မှာသာ အနားယူနေရတာကြောင့် သူရဲ့ပရိသတ်တွေနဲ့ အဆက်မပြတ်ရစေဖို့အတွက် သူရဲ့အင်စတာဂရမ်ပေါ်ကနေ ပရိသတ်တွေနဲ့ အမေးအဖြေလေးတွေကို လုပ်ဆောင်နေတာဖြစ်ပြီး ပရိသတ်တွေဘက်ကနေ သူနဲ့လက်တွဲလုပ်ကိုင်ခဲ့ဖူးသမျှထဲမှာ ဘယ်နည်းပြက အကောင်းဆုံးလဲလို့ မေးမြန်းလာခဲ့ရာ ဖာဘရီဂတ်စ်က သူနဲ့ဘာစီလိုနာမှာ ဆုံခဲ့ဖူးတဲ့ ဂွာဒီယိုလာကို ချန်လှပ်ခဲ့ပြီး မော်ရင်ဟိုနဲ့ အာဆင်ဝင်းဂါးတို့ကိုပဲ ရွေးချယ်ပေးသွားခဲ့ပါတယ်။ ဖာဘရီဂတ်စ်ဟာ ဘာစီလိုနာလူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့သူဆိုပေမယ့်လို့ ဝင်းဂါးရဲ့ အာဆင်နယ်အသင်းကို ရောက်ရှိလာချိန်မှသာ သူရဲ့စီနီယာကစားသမားဘဝကို စတင်ခဲ့ရတာဖြစ်ပြီး ဝင်းဂါးကြောင့်ပဲ သူ့ကစားသမားဘဝက ပိုတောက်ပခဲ့ရတာဖြစ်ကာ မော်ရင်ဟိုရဲ့ချယ်လ်ဆီးအသင်းနဲ့ ပူးပေါင်းပြီးနောက်မှာလည်း ဆုဖလားအောင်မြင်မှုတွေ ပိုမိုရရှိလာနိုုင်ခဲ့ပါတယ်။