MySport Myanmar

ချယ်လ်ဆီးကနေ ထွက်ခွာပြီး ဘာကာကို ပြောင်းချင်နေတဲ့ အက်ဇ်ပီလီကွယ်တာနဲ့ အလွန်ဆို

ချယ်လ်ဆီးအသင်းရဲ့ နောက်ခံကစားသမားတွေဖြစ်တဲ့ အသင်းခေါင်းဆောင် ဆီဆာအက်ဇ်ပီလီကွယ်တာနဲ့ မားကို့စ်အလွန်ဆိုတို့ဟာ လာမယ့်နွေစျေးကွက်မှာ ချယ်လ်ဆီးကနေ ထွက်ခွာပြီး ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့ချင်နေတယ်လို့ စပိန်အခြေစိုက် သတင်းမီဒီယာ Mundo Deportivo က ဖော်ပြလာခဲ့တာကြောင့် ချယ်လ်ဆီးနည်းပြ သောမတ်စ်တူဟယ်လ်အနေနဲ့ စျေးကွက်ထဲမှာ ခံစစ်တစ်တန်းလုံးအတွက် အပြောင်းအလဲများစွာ လုပ်ဆောင်ရဖွယ် ရှိနေပါတယ်။

Photo Credit : Daily Mail

ချယ်လ်ဆီးရဲ့ ညာနောက်ခံလူ အသင်းခေါင်းဆောင် အက်ဇ်ပီလီကွယ်တာဟာ ဒီရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး ဘယ်နောက်ခံလူ အလွန်ဆိုကတော့ အသင်းနဲ့ နောက်ထပ်တစ်နှစ်လောက် သက်တမ်းကျန်ရှိနေမှာ ဖြစ်ပါတယ်။ ဒီလို အခြေအနေ ရှိလို့နေတဲ့ ကစားသမားနှစ်ဦးလုံးကို ဘာစီလိုနာအသင်းက ခေါ်ယူချင်နေပြီး Mundo Deportivo ရဲ့ ဖော်ပြချက်အရလည်း ဒီကစားသမားနှစ်ဦးလုံးကပါ ဘာစီလိုနာကို ပြောင်းရွှေ့သွားချင်တယ်လို့ ဖော်ပြလာတာကြောင့် ချယ်လ်ဆီးအသင်းအနေနဲ့ လာမယ့်စျေးကွက်ထဲ ခံစစ်တစ်တန်းလုံးအတွက် ကစားသမားသစ်တွေ ခေါ်ယူသွားရဖွယ် ရှိနေရပါတယ်။

Photo Credit : Premier League

ချယ်လ်ဆီးအသင်းဟာ လာမယ့်ရာသီမှာ အသင်းရဲ့ ခံစစ်ကစားသမားတွေဖြစ်တဲ့ အန်ဒရီယပ်စ်ခရစ္စတန်ဆန် အန်တိုနီယိုရူဒီဂါတို့ကို သေချာပေါက် လက်လွတ်ရတော့မှာဖြစ်ပြီး ဂျာမနီနောက်ခံလူ ရူဒီဂါဟာ ရီးယဲလ်မက်ဒရစ်အသင်းကို ရောက်ရှိဖို့ နီးစပ်နေသလို ဒိန်းမတ်ခံစစ်မှူး ခရစ္စတန်ဆန်ကတော့ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိထားပါတယ်။ လက်ရှိမှာလည်း ခရစ္စတန်ဆန်နဲ့အတူ အက်ဇ်ပီလီကွယ်တာ အလွန်ဆိုတို့ပါ ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့ကြဖို့ နီးစပ်လို့နေပြီး ဘာစီလိုနာဘက်က နောက်ခံလူ(၃)ယောက်လုံးမှာ အလွန်ဆိုရဲ့ ပြောင်းရွှေ့ကြေးကိုသာ ပေးချေရမှာဖြစ်ပြီး ခရစ္စတန်ဆန်နဲ့ အက်ဇ်ပီလီကွယ်တာတို့ကိုတော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိမှာ ဖြစ်ပါတယ်။ အခုလို ခံစစ်ကစားသမား(၄)ဦးလုံး လက်လွတ်ရတော့မယ့် ချယ်လ်ဆီးအသင်းဟာ လာမယ့်စျေးကွက်ထဲ ဆီဗီလာနောက်ခံလူ ခွန်ဒယ် ဗီလာရီးယဲလ်နောက်ခံလူ ပါအူတောရက်စ်တို့ကို ခေါ်ယူသွားဖို့ ပြင်ဆင်နေသလို အငှားချထားခဲ့တဲ့ ကစားသမားတချို့ကိုပါ အသင်းဆီ ပြန်လည်ခေါ်ဆောင်ဖွယ် ရှိနေပါတယ်။

Exit mobile version