စကော့တလန် ပရီးမီးယားရှစ် ဘောလုံး လိဂ်အဖွဲ့ (SPFL) က စကော့တလန် ပရီးမီးယားရှစ် ပြိုင်ပွဲကို ရပ်နားတာကြောင့် ဆဲလ်တစ်အသင်းကို ပရီးမီးယားရှစ် ချန်ပီယံ အဖြစ် သတ်မှတ်သွားခဲ့ပြီး ဆဲလ်တစ်အသင်းအနေနဲ့ ပရီးမီးယားရှစ် ဖလားကို (၉) နှစ်ဆက် ရရှိသွားတာ ဖြစ်ပါတယ်။ ဆဲလ်တစ်အသင်းဟာ စကော့တလန် ပရီးမီးယားရှစ် ချန်ပီယံအသင်း ဖြစ်သွားခဲ့ပေမဲ့လည်း တစ်ဖက်မှာတော့ ဟက်စ်အသင်းအနေနဲ့ တန်းဆင်းသွားခဲ့ရပြီး ဟက်စ်အသင်းဟာ (၂၀၁၄) ခုနှစ်နောက်ပိုင်း ပရီးမီးယားရှစ်ပြိုင်ပွဲကနေ ဒုတိယ အကြိမ်မြောက် တန်းဆင်းခဲ့ရပါတယ်။

Photo Credit: Sky Sport

စကော့တလန် ပရီးမီးယားရှစ် ဘောလုံး လိဂ်အဖွဲ့ (SPFL) ဟာ ယခုအပတ် တနင်္လာနေ့က ဘုတ်အစည်းအဝေး ကျင်းပသွားခဲ့ပြီး ဘုတ်အစည်းအဝေးမှာ လက်ရှိရာသီ စကော့တလန် ပရီးမီးယားရှစ် ပြိုင်ပွဲကို ဆက်မကစားတော့ဘဲ ရပ်နားလိုက်ဖို့အတွက် ဆုံးဖြတ်ခဲ့ကြပါတယ်။ စကော့တလန် ပရီးမီးယားရှစ် ပြိုင်ပွဲဟာ မတ်လ (၁၃) ရက်နေ့မှာ နောက်ဆုံံး ကစားခဲ့ပြီး မတ်လ (၁၃) ရက်နေ့က နောက်ဆုံး ရမှတ်အရ ဆုဖလားပေးဖို့ ရွေးချယ်ခဲ့တာကြောင့် ရမှတ် (၁၃) မှတ်ဖြတ်ထားတဲ့ ဆဲလ်တစ်အသင်းက ပရီးမီးယားရှစ် ဖလားကို ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Sky Sport

ဆဲလ်တစ်အသင်းဟာ (၁) ပွဲအပို ကစားထားပြီး ပွဲစဉ် (၃၀) ပွဲ ကစားပြီးတဲ့ အချိန်မှာ ရမှတ် (၈၀) မှတ် ရရှိခဲ့တာကြောင့် (၁) ပွဲလျှော့နဲ့ (၂၉) ပွဲ ကစားပြီးတဲ့ အချိန်မှာ ရမှတ် (၆၇) မှတ် ရရှိထားတဲ့ ရိန်းဂျားအသင်းကို ရမှတ် (၁၃) မှတ် ဖြတ်ပြီး အဆင့် (၁) နေရာ ရရှိခဲ့ပါတယ်။ စကော့တလန် ပရီးမီးယားရှစ် ဘောလုံး လိဂ်အဖွဲ့ရဲ့ ဥက္ကဌ မက်လမ်နမ် (MacLennan) က “ပထမဆုံး အနေနဲ့ ဒီအခွင့်အရေးကို အသုံးပြုပြီး လက်ရှိရာသီ ပရီးမီးယားရှစ် ဆုဖလားကို ရရှိသွားတဲ့ ဆဲလ်တစ်အသင်းကို ဂုဏ်ပြုပေးချင်ပြီး တန်းဆင်းသွားခဲ့ရတဲ့ ဟက်စ်အသင်းကို စိတ်မကောင်း ဖြစ်ကြောင်း ဖော်ပြချင်ပါတယ်”လို့ အခိုင်အမာ ပြောကြားသွားလိုက်ပါတယ်။