လက်ရှိ ကမ္ဘာ့ဘောလုံးပရိသတ်တွေကြားထဲမှာ ရေပန်းစားနေသလို သိလိုစိတ်ပြင်းပျနေတဲ့ ကိစ္စရပ်တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ အင်္ဂလန် ရဲ့ အမှတ်ပေးဖလားနဲ့ နှစ်ပေါင်း၃၀ကြာ ဝေးကွာနေတဲ့ လီဗာပူးလ်အသင်းဟာ လက်ရှိ အင်္ဂလန်မှာ ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်ကြောင့် အမှတ်ပေးပြိုင်ပွဲကို ဖျက်သိမ်းပစ်ခဲ့ပါက ပရီးမီးယားလိဂ်ဖလားကို ရရှိမလား ၊ မရရှိဘူးလားဆိုတဲ့ အကြောင်းအရာပဲ ဖြစ်ပါတယ်။ လက်ရှိမှာ လီဗာပူးလ်အသင်းဟာ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေသလို အမှတ်ပေးဖလားကို ရရှိဖို့ နောက်ထပ်နှစ်ပွဲသာ လိုအပ်တာကြောင့် လီဗာပူးလ်အသင်း အမှတ်ပေးဖလား ရမလား ၊ မရဘူးလားဆိုတာက အတော်လေးကို စိတ်ဝင်စားစရာကောင်းနေပါတယ်။

Photo Credit: Standard.com

လတ်တလောထွက်ပေါ်နေတဲ့ သတင်းတွေအရ လီဗာပူးလ်အသင်းဟာ အမှတ်ပေးဖလားကို ရမယ်လို့ ဖော်ပြထားတဲ့ သတင်းတွေ ရှိနေသလို အမှတ်ပေးဖလားရဖို့ မကျိန်းသေဘူးဆိုပြီး ဖော်ပြထားတဲ့ သတင်းတွေလည်း ရှိလို့နေပါတယ်။ ဒါ့ကြောင့် လီဗာပူးလ်ပရိသတ်တွေက ဖလားမရရှိမှာကို စိုးရိမ်လျက်ရှိကြပြီး လက်ရှိမှာတော့ လီဗာပူးလ်ပရိသတ်တွေရဲ့ ရင်အပူကို ငြိမ်းသတ်ပေးမယ့်သူ တစ်ဦး ထွက်ပေါ်လာပါပြီ။ သူကတော့ ဆဲလ်တစ်အသင်းရဲ့ နည်းပြ ဖြစ်သူ လင်နွန်ပဲ ဖြစ်ပါတယ်။ ဆဲလ်တစ် အသင်းနည်းပြ လင်နွန်ဟာ သူတို့အသင်းအနေနဲ့ စကော့တလန်ချန်ပီယံဖြစ်သင့်တဲ့အကြောင်း ကို အင်တာဗျူးဖြေဆိုရာကနေ ပရီးမီးယားလိဂ် ဖလားကို လီဗာပူးလ်အသင်း ရမယ့်အကြောင်း ဖွင့်ချမိခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Standard.com

လက်ရှိအချိန်မှာ စကော့တလန်ပြည်တွင်း လိဂ်မှာ အမှတ်ပေးပွဲ၈ပွဲသာ ကစားဖို့ ကျန်ရှိပြီး ဆဲလ်တစ်အသင်းက ဒုတိယနေရာက ရိန်းဂျားအသင်းကို တစ်ပွဲအသာ ရမှတ်၁၃မှတ်အထိ ဖြတ်ထားနိုင်ခဲ့တာပါ။ လင်နွန်က ဒီအချိန်မှာ စကော့တလန်လိဂ်ကို ရုတ်တရတ်ရပ်နားခဲ့ရင် သူတို့အသင်း ဖလားမရမှာကို စိုးရိမ်နေပြီး စကော့တလန်ဘောလုံးအဖွဲ့ချုပ်ဟာ လီဗာပူးလ် အသင်းဖလားရမှာကို နမူနာယူကာ သူတို့ကို ဖလားပေးအပ်သင့်တယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာ လီဗာပူးလ်အသင်းရဲ့ အကြောင်းကို မည်သူကမျှ တရားဝင်ထုတ်ဖော်ပြောကြားထားတာ မရှိတာကြောင့် လင်နွန်ဟာ လီဗာပူးလ်အသင်း ဖလားရမယ့် အကြောင်းကို ပထမဦးဆုံး ဖွင့်ချလာတဲ့သူပဲ ဖြစ်ပါတယ်။ ကဲ လီဗာပူးလ်အသင်းအတွက် စိတ်ပူနေကြသူတွေ စိတ်ဒုန်းဒုန်းချပြီး ပျော်လို့ရပါပြီခင်ဗျာ…။