ဒီနေ့ ဇွန်လ (၂၇)ရက်နေ့ ည(၉)နာရီခွဲအချိန်မှာတော့ စပိန်လာလီဂါ ပွဲစဉ်(၃၂)အဖြစ် အမှတ်ပေးဇယားရဲ့ အောက်ဆုံးနေရာကို ရောက်ရှိနေပြီး တန်းမဆင်းရအောင် ရုန်းနေတဲ့ ဆယ်တာဗီဂိုအသင်းနဲ့ လာလီဂါချန်ပီယံဆုအတွက် အမှားခံလို့မရတော့တဲ့ ဘာစီလိုနာအသင်းတို့ ဆုံတွေ့ခဲ့ကြပြီး တစ်ဖက်ကို (၂)ဂိုးစီနဲ့ သရေကျသွားခဲ့ရပါတယ်။

အဝေးကွင်းမှာ လာရောက်ကစားခဲ့ရတဲ့ ဘာစီလိုနာအသင်းဘက်မှာ မက်ဆီ ဆွာရက်ဇ် မာတီ ပွတ်ချ် ဗီဒယ် ရာကီတစ် ပီကေး အမ်တီတီ ဆီမီဒို အယ်ဘာနဲ့ တာစတီဂန်တို့ ပါဝင်လာခဲ့ပြီး အိမ်ရှင်ဆယ်တာဗီဂိုဘက်မှာလည်း အဓိကတိုက်စစ်ကစားသမား အက်စ်ပတ်နဲ့ ဘာစီကွင်းလယ်လူဟောင်း ဒင်းနစ်ဆွာရက်စ်တို့ ပါဝင်ခဲ့ပါတယ်။ ဆယ်တာက ဘာစီလိုနာကို သူတို့အိမ်ကွင်းမှာ ဧည့်ခံကစားရတိုင်း ဒုက္ခကောင်းကောင်း ပေးတတ်တဲ့အသင်းဖြစ်ပေမယ့် ပထမပိုင်းမှာတော့ ဘာစီလိုနာက ဂိုးပိုင်ဆိုင်မှုရော တိုက်စစ်ပိုင်းရော အသာစီးရယူနိုင်ခဲ့ပြီး မိနစ်(၂၀)မှာ ရရှိခဲ့တဲ့ ဖရီးကစ်ကနေ မက်ဆီကန်တင်လိုက်တာကို လူကပ်မခံထားရတဲ့ ဆွာရက်ဇ်က အနီးကပ်ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။ ဘာစီိလိုနာဟာ အိမ်ရှင်ထက် ဂိုးပေါက်ခြိမ်းခြောက်မှု (၂)ဆလောက် ရခဲ့ပေမယ့် ဂိုးဝင်ခဲ့တဲ့တစ်ကြိမ်လေးပဲ ဂိုးပေါက်တည့်မတ်ခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်လည်စတင်ပြီး (၅)မိနစ်အကြာမှာပဲ အိမ်ရှင်တို့ ဘာစီလိုနာရဲ့ ခံစစ်အားနည်းမှုကို အခွင့်ကောင်းယူပြီး တိုက်စစ်မှူးဆမိုလော့ဗ်က ချေပဂိုးကို ပြန်လည်သွင်းယူပေးသွားခဲ့ပါတယ်။ ဘာစီလိုနာကလည်း ချေပဂိုးပြန်လည်ခွင့်ပြုလိုက်ရပြီးနောက်မှာ ပြန်လည်ဦးဆောင်နိုင်ဖို့ ကြိုးပမ်းခဲ့ပြီး (၆၈)မိနစ်မှာပဲ အဖွင့်ဂိုးသွင်းယူထားတဲ့ ဆွာရက်ဇ်က အသင်းကို ဦးဆောင်လာနိုင်မယ့် သွင်းဂိုးကို ထပ်မံ ရယူပေးခဲ့ပါတယ်။ ပွဲပြီးဖို့ (၃)မိနစ်အလိုမှာပဲ ဆယ်တာတို့ ဂိုးအစပ်နားမှာ ဖရီးကစ်ကန်ခွင့်ရခဲ့ပြီး တိုက်စစ်မှူးအက်စ်ပတ်က သွင်းယူနိုင်ခဲ့ပါတယ်။