ပရီးမီးယားလိဂ် အင်အားကြီးကလပ်တွေ ဖြစ်ကြတဲ့ ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့ရဲ့ ဂန္တဝင် ဂိုးသမားဟောင်း တဦး ဖြစ်သူ ပီတာချက်က သူ့ရဲ့ အသင်းဟောင်း တသင်း ဖြစ်တဲ့ အာဆင်နယ်ဟာ ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ စီးတီးနဲ့ လီဗာပူးတို့ကို ကျော်ဖြတ်ကာ အင်္ဂလန် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်တယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သုံးသပ်သွားခဲ့ပါတယ်။

အသက် ၄၁နှစ် အရွယ် ချက်ဂန္တဝင် ဂိုးသမား ပီတာချက်က ကစားသမားဘဝ အမြင့်မားဆုံး အောင်မြင်မှုတွေကို ချယ်လ်ဆီးမှာ ရယူခဲ့သူ ဖြစ်ပြီး သူ့ရဲ့ ကစားသမားဘဝကိုတော့ အာဆင်နယ်မှာ အဆုံးသတ်ခဲ့သူပါ။

Photo Credit: Sky Sports

ဒီရာသီမှာတော့ ပီတာချက်ရဲ့ အသင်းဟောင်း နှစ်သင်းအနက် ချယ်လ်ဆီးက ဇယားအလယ်မှာ ရုန်းကန်နေရပေမယ့် အာဆင်နယ်ကတော့ ပရီးမီးယားလိဂ်ရဲ့ ချန်ပီယံဆု အတွက် မန်ချက်စတာ စီးတီး ၊ လီဗာပူး စတဲ့ အသင်းတွေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် ယှဉ်ပြိုင်နေရပါတယ်။

ဒါကြောင့်ပဲ ပီတာချက်ဟာ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အာဆင်နယ်က ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်လား ၊ မဖြစ်နိုင်ဘူးလား ဆိုတဲ့ မေးခွန်းကို မေးခံခဲ့ရပြီး ပီတာချက်ကတော့ သူ့အသင်းဟောင်းဟာ ပရီးမီးယားလိဂ်ရဲ့ ချန်ပီယံ ဖြစ်နိုင်တယ်လို့ အခိုင်အမာ ပြန်ဖြေသွားခဲ့ပါတယ်။

Photo Credit: Standard

ပီတာချက်က – “ကျွန်တော့်ရဲ့ အသင်းဟောင်း နှစ်သင်းမှာ အာဆင်နယ်က ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ ပိုနီးစပ်ပါတယ်။ အာဆင်နယ်က ဒီရာသီမှာ ချန်ပီယံဆုနဲ့ အရမ်းကို နီးစပ်နေပါတယ်။ ကျွန်တော်ကတော့ အာဆင်နယ်က ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ကို ဖြစ်လိမ့်မယ်လို့ တကယ် တွေးမိနေပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။

ပီတာချက်က သူ့ရဲ့ ကစားသမား ဘဝမှာ ချယ်လ်ဆီးနဲ့အတူ ပရီးမီးယားလိဂ် ဆုဖလား ၄ကြိမ် အထိ ရယူနိုင်ဖူးပြီး ချန်ပီယံလိဂ် ၁ကြိမ်နဲ့ ယူရိုပါလိဂ် ၁ကြိမ်တို့ကိုလည်း ရရှိထားပါတယ်။