မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြကြီး ရန်းနစ်က လတ်တလောမှာ အပြောင်းအရွှေ့ ကောလဟာဟ သတင်းတွေ အတော်လေး ထွက်ပေါ်လျက် ရှိလို့နေတဲ့ အသင်းရဲ့ ဝါရင့်တိုက်စစ်မှူးကြီး အက်ဒီဆင်ကာဗာနီရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောဆိုလာခဲ့ပြီး ကာဗာနီအနေနဲ့ အခု ဇန်နဝါရီလအတွင်းမှာ အသင်းကနေ ထွက်ခွာသွားမှာ မဟုတ်ဘူးလို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
Photo Credit : Eurosport
ဥရုဂွေးလက်ရွေးစင် ဝါရင့်တိုက်စစ်မှူးကြီး ကာဗာနီဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာပဲ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်သလို သူ့ကိုလည်း ဥရောပ ကလပ်အသင်း များစွာကနေ အခု ဆောင်းစျေးကွက်အတွင်းမှာပဲ Cut-price နဲ့ ကမ်းလှမ်းမှုတွေ လုပ်ဆောင်ထားကြပါတယ်။ ကာဗာနီကိုယ်တိုင်ကလည်း ဒီနှစ်ရာသီအတွင်း စုစုပေါင်း (၄)ပွဲကိုသာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားထားရလို့ အခု စျေးကွက်ထဲမှာပဲ အသင်းကနေ ထွက်ခွာနိုင်ဖွယ် ရှိနေတယ်လို့ သတင်းတွေကနေ ဖော်ပြနေကြပေမယ့် ယူနိုက်တက်နည်းပြ ရန်းနစ်ကတော့ ကာဗာနီဟာ လက်ရှိအချိန်မှာ အသင်းနဲ့ လမ်းခွဲဖို့ ဆန္ဒမရှိဘူးလို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။
Photo Credit : The Guardian
ကာဗာနီနဲ့ပတ်သက်ပြီး နည်းပြရန်းနစ်က “ကျွန်တော်သူ့ကို အသင်းမှာပဲ ဆက်လက်ရှိနေချင်တယ်လို့ ပြောပါတယ်။ မနေ့ကလည်း သူနဲ့ ကျွန်တော် စကားစမြည် ပြောခဲ့ပါတယ်။ သူက ကျွန်တော်ရဲ့ ရုံးခန်းထဲကို ရောက်လာခဲ့ပြီး နာရီဝက်နီးပါးလောက် စကားပြောပြီးတော့ ရာသီကုန်ဆုံးချိန်အထိ အသင်းမှာ ဆက်ရှိချင်ပါတယ် သေချာပေါက်ကို ပြောဆိုသွားခဲ့ပါတယ်။ ကျွန်တော့်ဘက်ကနေ အသင်းမှာ ဆက်နေသင့်တယ် ဆက်ရှိနေဖို့ပဲ ပြောခဲ့တာ မဟုတ်ပါဘူး။ သူကလည်း သူ့အနေနဲ့ ဒီနှစ်ဘောလုံးရာသီ ကုန်ဆုံးချိန်အထိ သူ့ကို အားထားနိုင်ကြောင်း လူငယ်ကစားသမားလေးတွေအတွက် စံနမူနာဖြစ်အောင် အကောင်းဆုံး လုပ်ဆောင်ပေးနိုင်ကြောင်း ပြောဆိုခဲ့ပါသေးတယ်။ သူ ပါဝင်မကစားရရင်တောင်မှ တခြား ကစားသမားတွေအတွက် အကောင်းဆုံး စံနမုူနာဖြစ်လာအောင် သူကြိုးစားနိုင်ပါလိမ့်မယ်။ သူ့လို အတွေ့အကြုံကောင်းတွေ အများကြီး ပိုင်ဆိုင်လို့ထားပြီး စိတ်ဓါတ်ခိုင်မာမှုနဲ့ အလုပ်အပေါ်ထားတဲ့ ခံယူချက်ကောင်းတဲ့ ကစားသမားမျိုးကို ကျွန်တော့်အသင်းမှာ ပိုင်ဆိုင်ထားတာက ကျွန်တော့်အတွက် အရမ်းကောင်းပါတယ်။ သူက တခြားကစားသမားတွေအတွက် ပြီးပြည့်စုံတဲ့ စံပြနမူနာ ကစားသမားတစ်ယောက် ဖြစ်နိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။