ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဝါရင့် ဥရုဂွေး တိုက်စစ်မှူး ကာဗာနီဟာ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာပဲ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီး စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာအသင်းထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ချင်နေကြောင်း တောင်အမေရိကရဲ့ နာမည်ကြီး သတင်းဌာနတွေက တပြိုင်နက်ထဲ ရေးသား ဖော်ပြထားကြပါတယ်။

အသက် ၃၄နှစ် အရွယ် ဝါရင့် တိုက်စစ်မှူး ကာဗာနီဟာ ၂၀၂၀ခုနှစ်ကမှ ပီအက်စ်ဂျီအသင်း ကနေ မန်ချက်စတာ ယူနိုက်တက်အသင်းထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းနဲ့ ယခုနှစ် ဘောလုံးရာသီကုန် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသူပါ။

Photo Credit: The Sun

ကာဗာနီဟာ ကစားသမားဘဝ နောက်ဆုံးအချိန် အခိုက်အတန့်ကို ရောက်ရှိနေပေမယ့် သူဟာ ထိပ်တန်း တိုက်စစ်မှူး တဦး ဖြစ်နေဆဲ ဆိုတာကို လုပ်အားနှုန်း ၊ သွင်းဂိုးတွေနဲ့ သက်သေပြထားပြီး မန်ချက်စတာ ယူနိုက်တက်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၄၈ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၈ဂိုး အထိ သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁၀ကြိမ် အထိ ပြုလုပ်ထားနိုင်ပါတယ်။

ဒါကြောင့်ပဲ နှလုံးရောဂါကြောင့် ကစားသမား ဘဝ ကနေ အနားယူသွားတဲ့ တိုက်စစ်မှူး အဂူရိုရဲ့ နေရာကို အစားဝင်နိုင်မယ့် တိုက်စစ်မှူး တဦးကို ရှာဖွေနေတဲ့ ဘာစီလိုနာအသင်းက ကာဗာနီကို ခေါ်ယူဖို့ မျက်စိကျနေတာ ဖြစ်ပြီး ကာဗာနီကလည်း မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ မလွယ်တာကြောင့် ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပါတယ်။

Photo Credit: The Sun

နာမည်ကြီး အာဂျင်တီးနား သတင်းဌာန တခု ဖြစ်တဲ့ TNT Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ ကာဗာနီဟာ လာမယ့် ရက်ပိုင်းအတွင်းမှာပဲ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ စာချုပ်ဖျက်သိမ်းပေးရန် တောင်းဆိုဖို့ စီစဉ်ထားကာ ဘာစီလိုနာအသင်းက ကာဗာနီကို တနှစ် လုပ်ခလစာ ယူရို ၄သန်းခွဲ ဝန်းကျင် ရရှိမယ့် ၁နှစ်ခွဲ သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။