ယမန်နေ့ညမှာ ကစားခဲ့တဲ့ ဆောက်သမ်တန် အသင်းနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပွဲစဉ်မှာ လူစားဝင် ကစားပြီး မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် သူရဲကောင်း ဖြစ်ခဲ့တဲ့ ဝါရင့် ဥရုဂွေး တိုက်စစ်မှူး ကာဗာနီဟာ ဆောက်သမ်တန် အသင်းကို အနိုင်ရရှိတဲ့ ပွဲစဉ်အပြီး ဆိုရှယ်မီဒီယာ အပေါ်မှာ အောင်ပွဲခံတဲ့ ပို့စ်တစ်ခု တင်ရာမှာ လူမျိုးရေး ခွဲခြားတဲ့ စကားလုံးတွေ ပါဝင်ခဲ့တာကြောင့် စုံစမ်း စစ်ဆေး ခံနေရကြောင်း သိရှိ ရပါတယ်။ အသက် ၃၃နှစ် အရွယ် ဉရုဂွေး တိုက်စစ်မှူး ကာဗာနီဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ မန်ချက်စတာ ယူနိုက်တက် အသင်းထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ကစားပေးခဲ့တဲ့ နောက်ဆုံး ပရီးမီးယားလိဂ် ပွဲစဉ် ၃ပွဲမှာ သွင်းဂိုး ၃ဂိုး သွင်းယူ ပေးနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ် နိုင်ခဲ့ပါတယ်။

Photo Credit: Sky Sports

အထူးသဖြင့် ယမန်နေ့ညမှာ ကစားခဲ့တဲ့ ဆောက်သမ်တန် အသင်းနဲ့ ပွဲစဉ်မှာ ကာဗာနီဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားသမားဘဝ အကောင်းဆုံး ခြေစွမ်းကို ရခဲ့ပြီး အသင်းအတွက် ဒုတိယပိုင်း တစ်ပိုင်းသာ ပါဝင် ကစားပေးခဲ့ပေမယ့် သွင်းဂိုး နှစ်ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ် နိုင်ခဲ့ပါတယ်။ ဆောက်သမ်တန် အသင်းကို ၂ဂိုးပြတ် ရှုံးနိမ့်နေရာ ကနေ ၃ဂိုး ပြန်လည် သွင်းယူ နိုင်ခဲ့တာကြောင့် အဆိုပါပွဲစဉ် ပြီးဆုံးချိန်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားသမားတွေဟာ ဆိုရှယ်မီဒီယာတွေပေါ်မှာ နိုင်ပွဲအတွက် ပျော်ရွှင်ရကြောင်း ပို့စ်တွေ အသီးသီး တင်ခဲ့ကြပြီး ကာဗာနီ ကတော့ အင်စတာဂရမ်မှာ တင်ခဲ့တဲ့ ပို့စ်တစ်ခုကြောင့် ပွဲပယ်ခံရမယ့် အရေးနဲ့ ရင်ဆိုင်နေရပါတယ်။

Photo Credit: Sky Sports

ကာဗာနီဟာ ဆောက်သမ်တန် အသင်းကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ် ပြီးဆုံးချိန်မှာ “Gracias negrito” ဆိုတဲ့ စာသားနဲ့အတူ ပို့စ်တစ်ခု တင်ခဲ့ပြီး မကြာခင်မှာတော့ အဆိုပါပို့စ်ကို ပြန်ဖျက်သွားခဲ့ပါတယ်။ လက်ရှိ မှာတော့ အဆိုပါပို့စ်နဲ့ ပတ်သတ်ပြီး အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် ဖြစ်တဲ့ FAက ကာဗာနီရဲ့ ပို့စ်ကို စစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း အတည်ပြု ပြောကြား ထားခဲ့ပါတယ်။ FAဟာ သူတို့ရဲ့ လက်အောက်မှာ ရှိတဲ့ လိဂ်တွေက ကစားသမားတွေကို ဆိုရှယ်မီဒီယာတွေ အသုံးပြုမှုနဲ့ ပတ်သတ်ပြီး ကန့်သတ်မှုတွေ ပြုလုပ်ထားကာ ကာဗာနီ အသုံးပြုခဲ့တဲ့ Negrito ဆိုတဲ့ စကားလုံးဟာ လူမဲတွေ အပေါ် လူမျိုးရေး ခွဲခြားတဲ့ စကားလုံး တစ်လုံး ဖြစ်တာကြောင့် ကာဗာနီဟာ အနည်းဆုံး တစ်ပွဲကနေ အများဆုံး သုံးပွဲအထိ ပွဲပယ် ခံရနိုင်ကြောင်း သိရပါတယ်။