ဒီနှစ်ဘောလုံးရာသီရဲ့ နွေစျေးကွက်နောက်ဆုံးနေ့ရက်မှာ မန်ချက်စတာယူနိုက်တက်အသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ ဝါရင့်တိုက်စစ်ကစားသမားကြီး အက်ဒီဆင်ကာဗာနီရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ယူနိုက်တက်ရဲ့ကစားသမားဟောင်းကြီး ပေါလ်စခိုးက ကာဗာနီလို အသက်(၃၃)နှစ်အရွှယ်ရှိနေတဲ့ ကစားသမားတစ်ယောက်ကို တစ်နှစ်စာချုပ်နဲ့ ခေါ်ယူတာထက် ရေတိုဖြေရှင်းနိုင်မယ့် နည်းလမ်းအဖြစ် (၂)လအငှားလောက်နဲ့သာ ခေါ်ယူသင့်တယ်လို့ သုံးသပ်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

ယူနိုက်တက်အသင်းဟာ အသင်းရဲ့လိုအပ်ချက်ဖြစ်နေတဲ့ အထောင်တိုက်စစ်နေရာအတွက် နွေစျေးကွက်နောက်ဆုံးနေ့မှာ အသင်းလက်မဲ့ဖြစ်နေတဲ့ ဝါရင့်ဥရုဂွေးတိုက်စစ်မှူးကြီး ကာဗာနီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပြီး တစ်နှစ်စာချုပ်ချုပ်ဆိုခဲ့သလို သက်တမ်းကုန်ဆုံးချိန်မှာလည်း နောက်ထပ်တစ်နှစ်သက်တမ်းတိုးနိုင်မယ့် အချက်တစ်ခုကိုပါ ထည့်သွင်းထားခဲ့ပါတယ်။ ယူနိုက်တက်ဘက်ကနေ ကာဗာနီကို ခေါ်ယူခဲ့ခြင်းအပေါ် ဘောလုံးနယ်ပယ်က ကျွမ်းကျင်သူတွေက အမျိုးမျိုးသုံးသပ်နေကြသလို အခုလည်း ယူနိုက်တက်ကစားသမားဟောင်းကြီး ပေါလ်စခိုးက ကာဗာနီကို ကာလတိုသာ ခေါ်ယူသင့်တယ်လို့ သုံးသပ်လာခဲ့ပါတယ်။

Photo Credit : Metro

ပေါလ်စခိုးက “သူအရမ်းကို တောက်ပခဲ့ချိန်တုန်းကတော့ သူက တကယ့်ကို အရည်အသွေးမြင့် အထောင်တိုက်စစ်ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရသူပါ။ ဒါနဲ့ပတ်သက်ပြီးတော့ကိုလည်း သံသယဝင်စရာ မရှိပါဘူး။ ဒါပေမယ့် သူကအခု အသက်(၃၃)နှစ်ရှိနေပြီလေ။ သူပုံစံက ဘောလုံးသမားဘဝကနေတောင် အနားယူသင့်နေတဲ့ ပုံစံဖြစ်နေပါပြီ။ ပြီးခဲ့တဲ့ရာသီတုန်းကလည်း ပီအက်စ်ဂျီအသင်းအတွက် သူမကစားနိုင်ခဲ့တဲ့ ပွဲစဉ်တွေက အများကြီးပဲလေ။ လွန်ခဲ့တဲ့ (၅)နှစ်(၆)နှစ်လောက်တုန်းကသာ သူ့ကို ခေါ်ယူဖြစ်ခဲ့မယ်ဆိုရင်တော့ တကယ့်ကို ခေါ်ယူမှုကောင်းကြီးတစ်ခု ဖြစ်စေမှာ အသေအချာပဲ။ သူက ကျွန်တော်တို့အသင်းကို နောက်ထပ်အဆင့်တစ်ခုထိရောက်အောင် တွန်းတင်ပေးနိုင်မှာ။ အခုအချိန်မှာတော့ သူက အသင်းကို နောက်တစ်ဆင့်တစ်ခုထိရောက်အောင် ပို့ဆောင်ပေးနိုင်မယ်လို့ မထင်ပါဘူး။ ယူနိုက်တက်ဘက်က ကာဗာနီကို အငှားခေါ်ယူမှုနဲ့သာ ခေါ်ယူခဲ့သင့်တာပါ။ သင့်အနေနဲ့ အထောင်တိုက်စစ်နေရာမှာ လိုအပ်ချက်တွေ ရှိနေခဲ့မယ်ဆိုရင် တိုက်စစ်မှူးတစ်ယောက်ကို (၂)လ(၃)လလောက်နဲ့ပဲ ခေါ်ယူခဲ့သင့်တာ။ ဟင်းနရစ်လာဆင်ကို ခေါ်ယူခဲ့သလိုပေါ့။ လာဆင်ဆိုရင် ကျွန်တော်တို့အသင်းအတွက် လိုအပ်ချက်လေးတွေကို ဖြည့်တင်းပေးနိုင်ခဲ့တယ်။ အသင်းက ဒီလိုပုံစံမျိုးကို လိုအပ်တာပါ။ အခုတော့ (၃၃)နှစ်အရွှယ် ကာဗာနီလို ကစားသမားမျိုးကို (၂)နှစ်စာချုပ်လောက်နဲ့ ခေါ်ယူခဲ့တာက အရမ်းထူးဆန်းလွန်းနေတယ်။ ဒါပေမယ့် သူကတော့ ဒီလိုခံစားရမှာ မဟုတ်လောက်ဘူး။ သူဒီကို ရောက်လာရတာ အရမ်းပျော်ရွှင်နေလိမ့်မယ်” လို့ ပြောဆိုလာခဲ့ပါတယ်။