လာမယ့်ဇွန်လမှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဥရုဂွေးတိုက်စစ်မှူးကြီး အက်ဒီဆင်ကာဗာနီကို ခေါ်ယူဖို့အတွက် ဥရောပအသင်းကြီးတွေများစွာကနေ စိတ်ဝင်စားနေကြပြီး ပြီးခဲ့တဲ့ဆောင်းရာသီစျေးကွက်အတွင်းမှာပဲ ကာဗာနီကို အသက်လက်တီကိုမက်ဒရစ်အသင်းကနေ ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် အပြောင်းအရွှေ့အပြီးသတ်ခါနီး ပျက်ပြယ်ခဲ့ရလို့ ပီအက်စ်ဂျီအသင်းမှာပဲ ဆက်လက်ရှိနေခဲ့ရပါတယ်။ ဒါပေမယ့် အခုလတ်တလော ထွက်ပေါ်နေတဲ့ သတင်းထဲမှာတော့ ကာဗာနီဟာ ဘိုကာဂျူနီယာအသင်းကို ပြောင်းရွှေ့ကစားဖို့ နီးစပ်လျက်ရှိနေပြီလို့ သိရှိရပါတယ်။

အသက်(၃၃)နှစ်အရွှယ်ရှိ ဝါရင့်ဥရုဂွေးတိုက်စစ်ကစားသမားကြီး ကာဗာနီဟာ ၂၀၁၃ခုနှစ်ကမှ နာပိုလီအသင်းကနေ ပီအက်စ်ဂျီအသင်းကို ရောက်ရှိလာခဲ့တာဖြစ်ကာ (၇)နှစ်တာအတွင်း အသင်းရဲ့အမြဲတမ်းဂိုးသွင်းအများဆုံးသူအဖြစ် ရပ်တည်နေသူဖြစ်ပြီး မကြာခင်လပိုင်းအတွင်းမှာပဲ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရတော့မှာဖြစ်ပါတယ်။ ဒီလိုအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ် ကာဗာနီဟာ နာမည်ကြီး အာဂျင်တီးနားကလပ်အသင်း ဘိုကာဂျူနီယာဆီကို ရောက်ရှိဖို့ အလွန်ကိုနီးစပ်နေပြီလို့ ဘိုကာဂျူနီယာအသင်းရဲ့ နည်းစနစ်ဒါရိုက်တာ ဂျော့ဘာမြူဒက်ဇ်ကနေ ပြောဆိုလာခဲ့ပါတယ်။

ဂျော့ဘာမြူဒက်ဇ်က “ကာဗာနီက ကျွန်တော်တို့အသင်းကို အမြဲအားပေးသူတစ်ယောက်ဖြစ်သလို ကျွန်တော်တို့အသင်းအတွက် အကူအညီတွေပေးနိုင်မယ့် ကစားသမားမျိုးပါ။ သူအနေနဲ့ ဘိုကာဆီကို လာချင်နေမယ်ဆိုတာ ကျွန်တော်ထင်မိတယ်။ သူသာ ဒီကိုလာဖြစ်မယ်ဆိုရင်တော့ ဒါက သူ့အတွက် အသေချာဆုံး ဆုံးဖြတ်ချက်တစ်ခုဖြစ်မှာ။ နောက်ပြီးတော့ စာချုပ်ကိုလည်း ရှင်းရှင်းလင်းလင်း ချုပ်ဆိုနိုင်မယ်။ အပြောင်းအရွှေ့ကတော့ ခပ်မြန်မြန်လေးပဲ ဖြစ်လာနိုင်တော့မယ်လို့ ကျွန်တော်ထင်တယ်” လို့ အင်တာဗျူးတစ်ခုမှာ ပြောဆိုသွားခဲ့ပါတယ်။ ကာဗာနီဟာ သူရဲ့လက်ရှိအသင်း ပီအက်စ်ဂျီအတွက် (၆)ရာသီအတွင်းမှာ သွင်းဂိုးပေါင်း(၂၀၀)ကျော်တဲ့အထိကို သွင်းယူထားနိုင်ခဲ့သလို ပွဲထွက်ခွင့် အကန့်အသတ်တွေရှိလာခဲ့တဲ့ ဒီရာသီမှာတောင် အသင်းအတွက် သွင်းဂိုး(၇)ဂိုးကို ရအောင်သွင်းယူထားခဲ့ပါသေးတယ်။