ပရီးမီးယားလိဂ် နာမည်ကြီး အသင်း ဖြစ်တဲ့ မန်ယူအသင်းရဲ့ အသစ်စက်စက် ကစားသမား ခေါ်ယူမှု ဖြစ်တဲ့ ဥရုဂွေး ဝါရင့် တိုက်စစ်မှူး ကာဗာနီဟာ မန်ယူအသင်းထံ မပြောင်းရွှေ့မီမှာ စပိန် အင်အားကြီး အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ အီတလီ အင်အားကြီး အသင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းတို့ရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့ပေမယ့် အဆိုပါ ကမ်းလှမ်းမှု နှစ်ခုစလုံးကို ပယ်ချပြီး မန်ယူအသင်းထံ ပြောင်းရွှေ့ခဲ့တာ လို့ သိရပါတယ်။ အသက် ၃၃နှစ် အရွယ် ဝါရင့် တိုက်စစ်မှူး ကာဗာနီဟာ ပြီးခဲ့တဲ့ ဇွန်လအကုန်မှာ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်း ကနေ ထွက်ခွာခဲ့သူ ဖြစ်ပြီး မန်ယူအသင်းထံကို နွေအပြောင်းအရွှေ့ရဲ့ နောက်ဆုံးအချိန်မှ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့သူလည်း ဖြစ်ပါတယ်။

Photo Credit: Metro

ကာဗာနီဟာ မန်ယူအသင်းနဲ့ တစ်နှစ်စာချုပ် + နောက်ထပ် တစ်နှစ် ထပ်တိုးခွင့် ဆိုတဲ့ ၂နှစ် သက်တမ်းရှိမယ့် စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့တာ ဖြစ်ပြီး မန်ယူအသင်းမှာ တစ်နှစ်လုပ်ခ ပေါင် ၉သန်း ဝန်းကျင် ရရှိမယ် လို့ အင်္ဂလန် သတင်းဌာနတွေက ဖော်ပြ ထားကြပါတယ်။ ကာဗာနီဟာ လက်ရှိအချိန်အထိ ဥရောပရဲ့ ထိပ်တန်း တိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် သတ်မှတ် ခံထားရတာကြောင့် မန်ယူအသင်း အတွက်တော့ မှန်ကန်တဲ့ ခေါ်ယူမှုအဖြစ် သုံးသပ်လို့ရပြီး ကာဗာနီဟာ မန်ယူအသင်းရဲ့ ဂန္တဝင် ကျောနံပါတ် ဖြစ်တဲ့ ၇ကို ဆက်ခံသူလည်း ဖြစ်ပါတယ်။ မန်ယူအသင်းထံကို စတင် ပြောင်းရွှေ့လာတဲ့ အချိန်မှာ ကာဗာနီဟာ ငွေကြေးကြောင့် ပြောင်းရွှေ့လာတာ ဖြစ်ကြောင်း ဝေဖန်မှုတွေ ရှိခဲ့ပေမယ့် အခုချိန်မှာတော့ အဆိုပါ ဝေဖန်မှုတွေဟာ မှားယွင်းနေတယ် လို့ သိရပါတယ်။

Photo Credit: Metro

နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ ESPN သတင်းဌာနရဲ့ အဆိုအရ ကာဗာနီဟာ မန်ယူအသင်းထံ မပြောင်းရွှေ့မီမှာ ဂျူဗင်တပ်အသင်းနဲ့ ရီးရဲလ်မက်ဒရစ် အသင်းတို့ရဲ့ ကမ်းလှမ်းမှုတွေကို ရခဲ့ပြီး နှစ်သင်းစလုံးဟာ ကာဗာနီကို ၂နှစ် စာချုပ် + တစ်နှစ်လုပ်ခ ပေါင် ၉သန်းနဲ့ ကမ်းလှမ်းခဲ့ကြောင်း သိရှိရပါတယ်။ ဒါပေမယ့် ကာဗာနီ ကတော့ အဆိုပါ ကမ်းလှမ်းမှု နှစ်ခုစလုံးကို ပယ်ချသွားခဲ့ပြီး မန်ယူအသင်းကိုသာ ရွေးချယ်ခဲ့ပါတယ်။ ESPN ကတော့ ကာဗာနီ အနေနဲ့ ဂျူဗင်တပ်အသင်းနဲ့ ရီးရဲလ်မက်ဒရစ် အသင်းတို့ရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး မန်ယူအသင်းကို ရွေးချယ်ခဲ့တာဟာ ပရီးမီးယားလိဂ်မှာ ကစားချင်တာကြောင့် ဖြစ်သလို တစ်ကမ္ဘာလုံး အတိုင်းအတာမှာ မန်ယူအသင်းမှာ ဂျူဗင်တပ်အသင်းနဲ့ ရီးရဲလ်မက်ဒရစ် အသင်းတို့ထက် ပိုပြီး နာမည်ကျော်ကြားတာကြောင့် ဖြစ်တယ် လို့ သုံးသပ်သွားပါတယ်။