ဥရုဂွေးအသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ အဓိက တိုက်စစ်မှူးကြီး အက်ဒီဆင် ကာဗာနီကတော့ ယနေ့မနက်မှာ ကစားခဲ့တဲ့ ပီအက်စ်ဂျီနဲ့ ဘော်ဒိုးအသင်းတို့ရဲ့ ပွဲစဉ်မှာ ပီအက်စ်ဂျီ အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူပေးခဲ့ပြီးနောက်မှာ အသင်းအတွက် သွင်းဂိုး ၂၀၀ ပြည့်အောင် သွင်းပေးနိုင်ခဲ့တဲ့ ပထမဦးဆုံး ကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါပွဲစဉ်မှာတော့ ပီအက်စ်ဂျီအသင်းဟာ ဘော်ဒိုးအသင်းကို လေးဂိုး သုံးဂိုးဆိုတဲ့ ရလဒ်နဲ့ အကြိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့ရတာပါ။

Photo Credit: Metro.com

ပီအက်စ်ဂျီအသင်းရဲ့ အိမ်ကွင်းမှာ ကစားခဲ့ရတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ပေမယ့် ဘော်ဒိုးအသင်းရဲ့ တန်းဆင်းဇုန် ရုန်းအားကြောင့် ပွဲဟာ ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပြီး ဦးဆောင်ဂိုးကို ဘော်ဒိုးအသင်းက အရင် ရရှိခဲ့တာပါ။ ဘော်ဒိုးအသင်းအတ​ွက် ဦးဆောင်ဂိုးကို ပွဲကစားချိန် ၁၈မိနစ်မှာ ဟွမ်က သွင်းယူပေးခဲ့တာဖြစ်ပြီး အဲ့ဒီနောက် ၂၅မိနစ် မှာတော့ ကာဗာနီက ပီအက်စ်ဂျီအသင်းအတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ချေပဂိုးရရှိအပြီးမှာတော့ ပွဲဟာ ပီအက်စ်ဂျီအသင်းဘက်ကို ပြန်ရောက်သွားခဲ့ပြီး ၄၇မိနစ်မှာ မာကွင်ဟိုက ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပေမယ့် ချက်ချင်းဆိုသလိုပဲ ဘော်ဒိုးအသင်းဘက်က ပါဘလိုက ချေိပဂိုးသွင်းယူခဲ့တာကြောင့် ပထမပိုင်းမှာတော့ နှစ်ဂိုးစီ သရေကျနေခဲ့ပါတယ်။

Photo Credit: Express.com

ဒုတိယပိုင်းမှာတော့ ပီအက်စ်ဂျီအသင်းက ပွဲကို ပိုမိုထိန်းချုပ် ကစားလာခဲ့ပြီး ၆၃မိနစ်နဲ့ ၆၉မိနစ်တို့မှာ မာကွင်ဟိုနဲ့ အမ်ဘာပေတို့က အသီးသီး ဂိုးတွေသွင်းပေးခဲ့ကြကာ ဘော်ဒိုးအသင်းအတ​ွက် နောက်ဆုံးချေပဂိုးကိုတော့ ပွဲချိန် ၈၃မိနစ်ရောက်မှ ပါဒိုက သွင်းယူပေးခဲ့ကာ ပွဲဟာ လေးဂိုး သုံးဂိုးဆိုတဲ့ ရလဒ်နဲ့ အဆုံးသတ်ခဲ့ရပါတယ်။ အဆိုပါပွဲမှာ သွင်းဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ကာဗာနီဟာ အသင်းအတွက် သွင်းဂိုး ၂၀၀ ပြည့်သွားခဲ့ကာ အဆိုပါဂိုး ၂၀၀ သွင်းနိုင်ဖို့အတွက် အချိန် ၆နှစ်ခွဲသာ ကြာမြင့်ခဲ့ကြောင်း သိရပါတယ်။