ဒီနှစ်ဘောလုံးရာသီအကုန်မှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဥရုဂွေး ဝါရင့်တိုက်စစ်ကစားသမားကြီး အက်ဒီဆင်ကာဗာနီဟာ လာမယ့်စျေးကွက်အတွင်း သူ့ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေ များစွာထဲကမှ သူ့ကို အလိုရှိဆုံး အသင်းဖြစ်နေတဲ့ အာဂျင်တီးနား ထိပ်သီးကလပ် ဘိုကာဂျူနီယာအသင်းကိုပဲ ဦးစားပေးဖွယ် ရှိနေတယ်လို့ စပိန်အခြေစိုက် AS သတင်းစာကနေ ဖော်ပြသွားခဲ့ပါတယ်။
Photo Credit : The Mirror
အသက်(၃၅)နှစ်အရွှယ်ရှိ ဥရုဂွေးလက်ရွေးစင် တိုက်စစ်မှူးကြီး ကာဗာနီဟာ ၂၀၂ဝခုနှစ် နွေရာသီကမှ ပီအက်စ်ဂျီကနေ ယူနိုက်တက်အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး သူရဲ့ယူနိုက်တက် ကစားသမားဘဝ ပထမရာသီမှာ အသင်းအတွက် သွင်းဂိုး(၁၇)ဂိုးထိ သွင်းယူနိုင်ခဲ့ပေမယ့် ဒုတိယရာသီဖြစ်တဲ့ ဒီရာသီမှာတော့ အသင်းအတွက် (၁၇)ပွဲသာ ပါဝင်ခဲ့ရသလို သွင်းဂိုးလည်း (၂)ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ကာဗာနီဟာ ဒီရာသီအကုန်မှာ ယူနိုက်တက်နဲ့ သက်တမ်းကုန်ဆုံးမှာဖြစ်သလို အသင်းဘက်ကလည်း ဒီရာသီမှာ ကာဗာနီကို နေရာသိပ်မပေးနိုင်တော့တာကြောင့် ကာဗာနီအနေနဲ့ ယူနိုက်တက်နဲ့ လမ်းခွဲသွားဖို့ကိုသာ စီစဉ်နေတာ ဖြစ်ပါတယ်။
Photo Credit : The Sun
အသက်(၃၅)နှစ်အရွှယ်ကို ရောက်ရှိနေပြီ ဖြစ်ပေမယ့်လည်း ကစားသမားဘဝကို ဆက်လက်ဖြတ်သန်းနေဦးမယ့် ကာဗာနီက လာမယ့်စျေးကွက်ထဲမှာ သူ့အတွက် ကလပ်အသင်းသစ် တစ်သင်းကို ရွေးချယ်သွားဖို့ ရှိနေပြီး ကာဗာနီကိုလည်း စပိန်လာလီဂါ ကလပ်အသင်းများစွာနဲ့ တောင်အမေရိက အသင်းတချို့က ခေါ်ယူသွားဖို့ စိတ်ဝင်စားနေကြပါတယ်။ ယခင်က ထွက်ပေါ်ထားခဲ့တဲ့ သတင်းတွေမှာတော့ ကာဗာနီကို လာလီဂါ အသင်းတွေအပြင် ဘာစီလိုနာ ရီးယဲလ်မက်ဒရစ်တို့လို လာလီဂါ ထိပ်သီးအသင်းတွေပါ တိုက်စစ်ပိုင်းမှာ အင်အားဖြည့်တင်းဖို့ ကာဗာနီလို ဝါရင့်တိုက်စစ်မှူးတစ်ဦးကို ရေတို အခြေအနေနဲ့ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ ဖော်ပြထားခဲ့ပါတယ်။ ဒါပေမယ့် ဒီနောက်ပိုင်း AS သတင်းမီဒီယာရဲ့ ဖော်ပြလာမှုမှာတော့ ကာဗာနီဟာ ဥရောပမှာ ဆက်လက်ကျင်လည်ဖို့ထက် တောင်အမေရိကကို ပြန်သွားဖို့သာ ဆန္ဒရှိနေပြီး သူ့ကို လွန်ခဲ့တဲ့နှစ်တွေကတည်းက ခေါ်ယူသွားချင်နေတဲ့ အာဂျင်တီးနားကလပ် ဘိုကာဂျူနီယာအသင်းကိုသာ ဦးစားပေး ပြောင်းရွှေ့ဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။