လာမယ့်ဇူလိုင်လမှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းနဲ့ လမ်းခွဲတော့မှာဖြစ်တဲ့ ဝါရင့်တိုက်စစ်ကစားသမားကြီး အက်ဒီဆန်ကာဗာနီကို ဥရောပကလပ်အသင်းပေါင်းများစွာအပြင် တောင်အမေရိကအသင်းကြီးတစ်သင်းဖြစ်တဲ့ ဘိုကာဂျူနီယာနဲ့ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းတို့ကနေပါ အပြိုင်အဆိုင်စိတ်ဝင်စားနေကြပြီး ကမ်းလှမ်းမှုတွေကိုလည်း ပြုလုပ်ကြဖွယ်ရှိနေပေမယ့် ကာဗာနီကတော့ သူကျင်လည်ခဲ့ဖူးတဲ့ အီတလီစီးရီးအေပြိုင်ပွဲဆီကိုသာ ပြန်သွားဖွယ်ရှိနေပါတယ်။

Photo Credit : RFI

အသက်(၃၃)နှစ်အရွှယ်ရှိ ဝါရင့်ဥရုဂွေး တိုက်စစ်ကစားသမား ကာဗာနီဟာ ပီအက်စ်ဂျီအသင်းမှာ ၂၀၁၃ခုနှစ်ကနေ စတင်ပါဝင်ကစားခဲ့တာဖြစ်ပြီး အသင်းနဲ့ (၇)နှစ်တာအထိ ကျင်လည်ခဲ့ပြီးနောက် အသင်းရဲ့သမိုင်းတလျှောက် ဂိုးသွင်းအများဆုံး ကစားသမားဖြစ်လာခဲ့ရသလို အသင်းနဲ့လည်း ပြင်သစ်လီဂူးဖလားတွေကို အကြိမ်ပေါင်းများစွာ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အသက်အရွှယ်က အကျပိုင်းကို ရောက်နေပြီဆိုပေမယ့်လည်း ကာဗာနီရဲ့ဂိုးသွင်းအားတွေက ကျဆင်းသွားခြင်းမရှိတာကြောင့် သူ့ကို အသင်းပေါင်းများစွာာကနေ စိတ်ဝင်စားနေကြတာဖြစ်ပြီး အခုချိန်မှာ အသင်းတွေက ကာဗာနီကို ခေါ်ယူနိုင်ဖို့ ချိတ်ဆက်လို့နေပါတယ်။

Photo Credit : Bleacher Report

လတ်တလောမှာ ကာဗာနီကို အသက်လက်တီကိုမက်ဒရစ် အသင်းဟောင်း နာပိုလီ မန်ချက်စတာယူနိုက်တက် ချယ်လ်ဆီး နယူးကာဆဲလ် ဘိုကာဂျူနီယာနဲ့ အင်တာမိုင်ယာမီအသင်းတို့ကနေ အပြိုင်အဆိုင် စိတ်ဝင်စားနေခဲ့ကြတာဖြစ်ပေမယ့်လည်း ကာဗာနီကတော့ စီးရီးအေကိုပဲ ပြန်သွားချင်နေသလို အင်တာမီလန်အသင်းဆီကို ပြောင်းရွှေ့ကစားဖို့ စိတ်အားထက်သန်လို့နေပါတယ်။ Gazzetta dello Sport သတင်းမီဒီယာရဲ့ဖော်ပြချက်အရ အင်တာအသင်းဟာ လာမယ့်ဘောလုံးရာသီမှာ အသင်းနဲ့ လမ်းခွဲကြတော့မယ့် အလက်ဆစ်ဆန်းချက်ဇ်နဲ့ အီကာဒီတို့နေရာမှာ ကာဗာနီကို အစားထိုးချင်နေပြီး ကာဗာနီကလည်း အင်တာမှာ ပါဝင်ကစားချင်နေတယ်လို့ သိရပါတယ်။ နာပိုလီအသင်း ပါလာမိုအသင်းတို့နဲ့အတူ စီးရီးအေမှာ ကျင်လည်ခဲ့ဖူးတဲ့ ကာဗာနီဟာ အီတလီစီးရီးအေ သွင်းဂိုးပေါင်းတစ်ရာလောက်အထိ သွင်းယူထားခဲ့ဖူးသလို စီးရီးအေ အတွေ့အကြုံလည်းများတာကြောင့် အင်တာက သူ့ကို ၂၀၂၂ခုနှစ်အထိ စာချုပ်ချုပ်ဆို ခေါ်ယူချင်နေတာဖြစ်ပါတယ်။