ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်းဖြစ်တဲ့ မန်ယူအသင်းရဲ့ အသစ်စက်စက် ကစားသမား တစ်ဦးဖြစ်တဲ့ ဥရုဂွေး ဝါရင့် တိုက်စစ်မှူး ကာဗာနီဟာ မန်ယူအသင်းရဲ့ နာမည်ကြီး ကျောနံပါတ် တစ်ခုဖြစ်တဲ့ နံပါတ် ၇ ကို ဝတ်ဆင် ကစားသွားမယ်လို့ သိရပါတယ်။ အသက် ၃၃နှစ်အရွယ် ဝါရင့်တိုက်စစ်မှူး ကာဗာနီဟာ မန်ယူအသင်း ထံကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာတဲ့ ကစားသမား တစ်ဦးဖြစ်ပြီး မန်ယူအသင်းမှာ တစ်ပတ် လုပ်ခ ပေါင် ၂၅၀၀၀၀ ဝန်းကျင် ရရှိမှာဖြစ်ကာ ၂နှစ်သက်တမ်း ရှိတဲ့ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့သူလည်း ဖြစ်ပါတယ်။

Photo Credit: Mirror

မန်ယူအသင်းဟာ အသင်းရဲ့ နာမည်ကြီး ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ ရိုနယ်ဒို ထွက်ခွာသွားပြီး နောက်ပိုင်း နံပါတ် ၇ ကျိန်စာ သင့်နေတဲ့ အသင်းတစ်သင်းအဖြစ် နာမည်ကြီးပြီး ရိုနယ်ဒို နောက်ပိုင်းမှာ ဆန်းချက်၊ ဒီမာရီယာ၊ အိုဝင်၊ ဒီပိုင်း၊ ဗလင်စီယာ စတဲ့ ကစားသမားတွေဟာ ကျောနံပါတ် ရကို ဆက်ခံခဲ့ကြပေမယ့် အသင်းနဲ့အတူ အောင်မြင်ခဲ့ခြင်း မရှိပါဘူး။ ဒါ့ကြောင့် ဝါရင့် ကစားသမား တစ်ဦးဖြစ်တဲ့ ကာဗာနီကို ကျောနံပါတ် ၇ ပေးခဲ့တဲ့ မန်ယူအသင်းရဲ့ ဆုံးဖြတ်ချက်အား နားမလည်သူတွေ များပြားနေပြီး ကာဗာနီကို ကျောနံပါတ် ၇ ပေးမယ့်အစား အသင်းရဲ့ လူငယ် ကစားသမား တစ်ဦးကို ကျောနံပါတ် ၇ ပေးသင့်တယ်လို့ ဘောလုံး သုတေသီတွေက သုံးသပ်ထားကြပါတယ်။

Photo Credit: Mirror

ဒါပေမယ့် ကာဗာနီကတော့ သူ့အနေနဲ့ ကျောနံပါတ် ၇ ကို ဝတ်ဆင်ဖို့ ယုံကြည်မှု အပြည့်ရှိကြောင်းနဲ့ ကျောနံပါတ် ရနဲ့ ထိုက်တန်တဲ့ ခြေစွမ်းကောင်းကို ပြသနိုင်ဖို့ ကြိုးစားသွားမယ် လို့ ကတိပေးသွားပါတယ်။ ကာဗာနီက “ မန်ယူအသင်းအတွက် ကျောနံပါတ် ရကို ဝတ်ဆင် ကစားရတာက ကျွန်တော့်အတွက်တော့ ဂုဏ်ယူစရာ တစ်ခုပါပဲ။ အခုတော့ ကျွန်တော်က ကျောနံပါတ် ရနဲ့ ထိုက်တန်တဲ့ တာဝန်ယူမှုကို ပြုလုပ်နိုင်ဖို့ ကြိုးစားသွားတော့မှာပါ။ အဆင်သင့်ဖြစ်နေဖို့ ကျွန်တော် အကောင်းဆုံး ကြိုးစားသွားမယ်။ ပြီးတော့ ကျောနံပါတ် ၇ ဝတ်ဆင် ကစားပြီး မန်ယူအသင်းမှာ ကျွန်တော်ရဲ့ ကိုယ်ပိုင် အမှတ်အသား တစ်ခုကို ချန်ရစ် သွားမှာပါ “ ဆိုပြီး ပြောကြားသွားခဲ့တာပါ။