မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဝါရင့်တိုက်စစ်မှူးကြီး အက်ဒီဆင်ကာဗာနီကတော့ ဖူလ်ဟမ်အသင်းနဲ့ တစ်ဖက်ကို တစ်ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ ယူနိုက်တက်အသင်းအတွက် အဖွင့်ဂိုးကို လှလှပပ သွင်းယူခဲ့ပြီးနောက် ဒီနှစ်ဘောလုံးရာသီအတွင်း ယူနိုက်တက်အတွက် သူသွင်းယူနိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်သွင်းဂိုးက (၁၀)ဂိုးအထိ ရှိလာခဲ့ရတာကြောင့် ယူနို်က်တက်ကစားသမားဟောင်းကြီး(၂)ယောက်ရဲ့ စံချိန်တစ်ခုကိုပါ လိုက်မီသွားခဲ့ပါတယ်။

Photo Credit : Twitter

အသက်(၃၄)နှစ်အရွှယ်ရှိ ဥရုဂွေးလက်ရွေးစင် ဝါရင့်တိုက်စစ်မှူး ကာဗာနီဟာ သူရဲ့ ယူနိုက်တက်ကစားသမားဘဝ ပထမဆုံးသော ဘောလုံးရာသီမှာပဲ ပြိုင်ပွဲစုံမှာ (၁၆)ဂိုးအထိ သွင်းယူထားနိုင်ခဲ့သလို ပရီးမီးယားလိဂ်ဘက်မှာလည်း သွင်းဂိုးစုစုပေါင်းက (၁၀)ဂိုး ရှိလာခဲ့ရပါတယ်။ ဒီလို ပရီးမီးယားလိဂ်မှာ သွင်းဂိုး(၁၀)ဂိုးအထိ သွင်းယူခဲ့ပြီးတဲ့နောက်မှာ ယခင်ယူနိုက်တက်ရဲ့ ကစားသမားဟောင်းကြီးတွေထဲကမှ အသက်(၃၃)နှစ်နဲ့အထက် ကစားသမားတွေထဲမှာ ပရီးမီးယားလိဂ်သွင်းဂိုး (၁၀)ဂိုးကို သွင်းယူနိုင်ခဲ့တဲ့ တတိယမြောက် ကစားသမားဖြစ်လာခဲ့ရပါတယ်။

Photo Credit : Twitter

ယူနိုက်တက်ကစားသမားဟောင်းကြီးတွေထဲကမှ တိုက်စစ်မှူးတွေဖြစ်ကြတဲ့ တက်ဒီရှာရင်ဂမ်နဲ့ ဇလာတန်အီဘရာဟီမိုဗစ်တို့ (၂)ယောက်ဟာ အသက်(၃၃)နဲ့အထက် အရွှယ်မှာပဲ အသင်းအတွက်ကို ပရီးမီးယားလိဂ်မှာ သွင်းဂိုး(၁၀)ဂိုးစီ သွင်းယူပေးနိုင်ခဲ့တာဖြစ်သလို အခု သူတို့တွေနဲ့အတူ ကာဗာနီကလည်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၁၀)ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီနှစ်ရာသီမှ ယူနိုက်တက်ကို ရောက်ရှိလာခဲ့တဲ့ ထိပ်တန်းတိုက်စစ်မှူးကြီး ကာဗာနီဟာ ရာသီအစမှာ ရုန်းကန်မှုလေးတွေ ရှိခဲ့ပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာတော့ သူရဲ့ အရည်အသွေးတွေကို ထုတ်ဖော်ပြသလာနိုင်ခဲ့သလို သွင်းဂိုးတွေကိုလည်း ခပ်စိတ်စိတ်လေး သွင်းယူလာနိုင်ခဲ့တာကြောင့် ယူနိုက်တက်အသင်းဘက်ကနေ သူ့ကို တစ်နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ကာဗာနီဟာ ယူနိုက်တက်အသင်းမှာ ခရစ္စတီယာနိုရော်နယ်ဒို မရှိတော့တဲ့နောက်ပိုင်းကတည်းက စတင်ဖြစ်ပေါ်လာခဲ့တဲ့ ကျောနံပါတ်(၇) ကျိန်စာဆိုးကိုလည်း သူဝတ်ဆင်ချိန်မှာ ပျောက်ပျက်သွားအောင် လုပ်ဆောင်နိုင်ခဲ့ပြီး သူရဲ့တွဲဖက်ကစားရတဲ့ လူငယ်ကစားသမားတွေရဲ့ အရည်အသွေးတွေကိုပါ တိုးတတ်လာနိုင်စေခဲ့ပါတယ်။