လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်က ပီအက်စ်ဂျီအသင်းရဲ့တိုက်စစ်မှာ တွဲဖက်ကစားခဲ့ရတဲ့ အီဗရာဟီမိုဗစ်နဲ့ ကာဗာနီတို့ တိုက်စစ်အတွဲအဖက်ကို ဘောလုံးပရိသတ်တွေ ကောင်းကောင်းမှတ်မိနေကြမှာပါ။ အသွင်အပြင်ချင်းရော ဘောလုံးပညာချင်းမှာပါ တူညီနေသယောင်ရှိတဲ့ သူတို့(၂)ဦးကြောင့် ပီအက်စ်ဂျီအသင်းဟာ အဲ့ဒီအချိန်တုန်းက သွင်းဂိုးတွေ မြိုင်မြိုင်ဆိုင်ဆိုင် သွင်းယူနိုင်ခဲ့သလို အောင်မြင်မှုတွေကိုလည်း အထိုက်အလျောက် ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီတိုက်စစ်မှူး(၂)ယောက်ဟာ ကွင်းအတွင်းမှာ အတူခြေစွမ်းပြခဲ့ကြသလောက် ပြင်ပဆက်ဆံရေးပိုင်းမှာတော့ တင်းမာမှုတွေရှိခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက်တောင် မုန်းတီးခဲ့ကြပါတယ်။

Photo Credit : Goal.com

လက်ရှိမှာ အေစီမီလန်အသင်းရဲ့ တိုက်စစ်ကစားသမားဖြစ်လို့နေတဲ့ ဝါရင့်ဆွီဒင်တိုက်စစ်မှူးကြီး ဇလာတန်အီဗရာဟီမိုဗစ်ဟာ ပြီးခဲ့တဲ့ ၂၀၁၃ခုနှစ်ကနေ ၂၀၁၆ခုနှစ်အထိ ကာဗာနီနဲ့ တွဲဖက်ကစားခဲ့ဖူးပေမယ့် ကာဗာနီကိုတော့ သူလုံးဝကြည့်မရပဲ သူမုန်းတီးရတဲ့ ကစားသမားတွေထဲမှာ ပါဝင်နေတယ်လို့ အယ်အေဂလက်ဆီအသင်းက အသင်းဖော်တစ်ဦးဆီ ဖွင့်ဟပြောဆိုခဲ့ဖူးပါတယ်။ မိုဗစ်ဟာ ကာဗာနီအပေါ်မှာ အတော်လေးကို မုန်းတီးခဲ့လွန်းတာကြောင့် ကာဗာနီနဲ့ ဆက်ဆံရေးကောင်းလှတဲ့ ကစားသမားတချို့ကိုတောင် အဆက်အဆံလုပ်လေ့မရှိဘူးလို့ သိရပါတယ်။

Photo Credit : Ronaldo.com

အီဗရာဟီမိုဗစ် ကာဗာနီတို့ကြားက ဆက်ဆံရေးနဲ့ပတ်သက်ပြီး မိုဗစ်ရဲ့ အယ်အေဂလက်ဆီအသင်းဖော်ဟောင်း ကိုင်ယာနီက “တကယ်လို့ ခင်ဗျားက ကာဗာနီနဲ့ အရမ်းကိုရင်းနှီးနေမယ်ဆိုရင် အီဗရာက ခင်ဗျားကို အပေါင်းအသင်းလုပ်တော့ မဟုတ်ဘူး။ တကယ်လို့ ခင်ဗျားက အီဗရာနဲ့ ဘော်ဒါတွေဆိုရင်လည်း ကာဗာနီကလည်း ခင်ဗျားကို ကြည့်ရမှာမဟုတ်ဘူး။ အီဗရာကတော့ ပြောပါတယ်။ သူပီအက်စ်ဂျီအသင်းမှာ အစစအရာရာ အားလုံးအဆင်ပြေခဲ့တယ်ဆိုပြီး။ သူနဲ့ အဆင်မပြေခဲ့တာဆိုလို့ ကာဗာနီ တစ်ယောက်တည်းပဲ ရှိခဲ့တာ။ သူ ကျွန်တော့်ကို ပြောဖူးတယ်။ သူရဲ့ကစားသမားဘဝမှာ သူမုန်းတီးရတဲ့ ကစားသမားဆိုလို့ (၃)(၄)ယောက်ပဲရှိခဲ့တာဖြစ်ပြီး သူတို့တွေကလည်း ကာဗာနီနဲ့ ပတ်သက်ခဲ့သူတွေဖြစ်ပါတယ်” လို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။