မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပြင်သစ်တိုက်စစ်ကစားသမားဟောင်းကြီးဖြစ်တဲ့ လူးဝစ်ဆာဟာက နွေစျေးကွက်ရဲ့နောက်ဆုံးနေ့ရက်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ယူနိုက်တက်အသင်းဆီကို ရောက်ရှိလာခဲ့တဲ့ ဝါရင့်တိုက်စစ်ကစားသမားကြီး အက်ဒီဆင်ကာဗာနီရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး အရမ်းကို စိတ်လှုပ်ရှားရှိနေကြောင်း ဝန်ခံပြောဆိုခဲ့သလို ကာဗာနီကလည်း ယူနိုက်တက်အသင်းကို ဒီနှစ်ဘောလုံးရာသီအစ တာထွက်ဆိုးရွှားနေမှုကနေ ဆွဲတင်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်မိကြောင်း သုံးသပ်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Yotube

အသက်(၃၃)နှစ်အရွှယ်ရှိ ဝါရင့်ဥရုဂွေးတိုက်စစ်မှူးကြီး ကာဗာနီဟာ ပီအက်စ်ဂျီအသင်းမှာ ၂၀၁၃ခုနှစ်ကနေ ပါဝင်ကစားခဲ့တာဖြစ်ပြီး အသင်းအတွက် အသင်းသမိုင်းတလျှောက် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ်နဲ့ပါ ရပ်တည်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လကမှ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတဲ့ ကာဗာနီဟာ အောက်တိုဘာလ(၅)ရက်နေ့ (Transfer Deadline Day)မှာပဲ ယူနိုက်တက်အသင်းဆီကို တစ်နှစ်စာချုပ်(နောက်ထပ်တစ်နှစ်သက်တမ်းတိုးစာချုပ်)နဲ့ ခေါ်ယူအားဖြည့်ခဲ့ပြီး အသင်းရဲ့ဂန္တဝင်ကျောနံပါတ်ဖြစ်တဲ့ ကျောနံပါတ်(၇)ကို ပေးအပ်ခဲ့ပါတယ်။

Photo Credit : Goal

အခုလို ကာဗာနီကို ခေါ်ယူခဲ့ခြင်းနဲ့ပတ်သက်ပြီး အသင်းသားဟောင်း ဆာဟာက “ဒါပေါ့။ ကျွန်တော်က ဒီအပြောင်းအရွှေ့နဲ့ပတ်သက်ပြီး အရမ်းကို စိတ်လှုပ်ရှားနေရတယ်။ ကျွန်တော်က ပြီးခဲ့တဲ့ရာသီကတည်းက သူ့ကို ယူနိုက်တက်ဆီ ရောက်ရှိစေချင်ခဲ့တာ။ ကျွန်တော်က သူ့ကို နာပိုလီအသင်းမှာ ကစားခဲ့စဉ်ကတည်းက အရမ်းကို သဘောကျခဲ့တယ်။ ကျွန်တော်က ပဲရစ်မြို့သားဖြစ်ပြီးတော့ ပဲရစ်မြို့မှာ နေထိုင်တာမို့ ပီအက်စ်ဂျီအသင်းအတွက် သူသွင်းယူခဲ့တဲ့ သွင်းဂိုး(၂၀၀)နီးပါးကို အကုန်မြင်တွေ့ခဲ့ဖူးပါတယ်။ သူက ပီအက်စ်ဂျီမှာဆိုရင် တကယ့်ကို ဂန္တဝင်ကစားသမားတစ်ယောက်ပါပဲ။ ဒီအချိန်မှာလည်း ကာဗာနီက အာမခံချက်ပေးနိုင်တဲ့သူပါ။ ကာဗာနီက သူပြေးလွှားနေတဲ့အချိန်မှာ အကောင်းဆုံး Performance တစ်ခုကို ပြသနိုင်ပြီး ပြိုင်ဘက်ခံစစ်ကစားသမားတွေကိုလည်း ဖိအားပေးနိုင်မှာပါ။ ပြီးရင်တော့ သွင်းဂိုးတွေကိုလည်း ရယူနိုင်ပါလိမ့်မယ်။ ဒါကြောင့်မို့ သူ့ကို ခေါ်ယူခဲ့ခြင်းက အသင်းအတွက် ကောင်းမွန်တဲ့အရာတွေပဲ ဖြစ်လာပါလိမ့်မယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဒါပေမယ့် ကာဗာနီဟာ Quarantine ဝင်နေရတဲ့အတွက် ဒီနေ့ည(၁)နာရီခွဲအချိန်မှာ ယှဉ်ပြိုင်ကစားသွားမယ့် နယူးကာဆဲလ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ယူနိုက်တက်အသင်းအတွက် ပါဝင်ကစားပေးဖွယ် မရှိဘူးလို့ သိရပါတယ်။