ပရီးမီးယားလိဂ် နာမည်ကြီး အသင်းဖြစ်တဲ့ မန်ယူအသင်းရဲ့ ကစားသမားသစ် တစ်ဦးဖြစ်တဲ့ ကာဗာနီဟာ မန်ယူအသင်းက ပီအက်စ်ဂျီအသင်းကို အဝေးကွင်းမှာ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်းသစ် အတွက် ပါဝင် ကစားခွင့် မရခဲ့ပေမယ့် အသင်းအနိုင်ရဖို့ အတွက် တစ်ထောင့်တစ်နေရာ ကနေ ကူညီခဲ့ကြောင်း မန်ချက်စတာမြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အသက် ၃၃နှစ်အရွယ် ဥရုဂွေး ဝါရင့် တိုက်စစ်မှူး ကာဗာနီဟာ ပြီးခဲ့တဲ့ ဇွန်လအကုန််မှာ ပီအက်စ်ဂျီအသင်း ကနေ ထွက်ခွာခဲ့သူ ဖြစ်ပြီး မန်ယူအသင်း ထံ နွေအပြောင်းအရွှေ့ရဲ့ နောက်ဆုံးနေ့ရက်မှာ ၂နှစ်သက်တမ်း ရှိတဲ့ စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့သူ တစ်ဦးပဲ ဖြစ်ပါတယ်။

Photo Credit: Metro

ကာဗာနီဟာ ပီအက်စ်ဂျီအသင်းရဲ့ ထာဝရ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်သလို ရနှစ်ကြာအောင် ကစားခဲ့သူ တစ်ဦးဖြစ်တာကြောင့် ပီအက်စ်ဂျီအသင်းရဲ့ ကစားသမားတွေ အကြောင်းကို သိရှိပြီး သူ့ရဲ့ အသင်းဖော် အသစ်တွေ ပါရီမြို့မှာ နိုင်ပွဲရအောင် ပီအက်စ်ဂျီအသင်းရဲ့ ကစားသမားတွေ အကြောင်းကို သူ သိသလောက် ရှင်းပြခဲ့ကြောင်း သိရပါတယ်။ အထူးသဖြင့် ကာဗာနီဟာ မန်ချက်စတာမြို့မှာ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ မန်ယူအသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ အသင်းရဲ့ လူငယ် နောက်ခံလူ ဖြစ်တဲ့ တွမ်ဇီဘီနဲ့ အတူ ရှိနေကာ ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ် ကစားသမားတွေ ဖြစ်တဲ့ အမ်ဘာပေ ၊ နေမာတို့ရဲ့ ကစားပုံတွေ အကြောင်းကို ရှင်းပြနေတဲ့ပုံတွေကို လေ့ကျင့်ရေး ဗွီဒီယိုဖိုင်တွေ ကနေ မြင်တွေ့ခဲ့ရပါတယ်။

Photo Credit: Metro

တိုက်တိုက်ဆိုင်ဆိုင် လို့ ဆိုရလောက်အောင်ပဲ မန်ယူအသင်းက ပီအက်စ်ဂျီအသင်းကို အဝေးကွင်းမှာ ၁-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့သလို တွမ်ဇီဘီဟာလည်း ပီအက်စ်ဂျီအသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်တဲ့ အမ်ဘာပေ ကို ထိန်းချုပ် သွားနိုင်ခဲ့ပါတယ်။ တွမ်ဇီဘီဟာ အဆိုပါပွဲစဉ်မှာ မန်ယူအသင်းအတွက် ခြေစွမ်းပြ နိုင်ခဲ့တဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ရှင်းထုတ်မှု ရကြိမ် ၊ ခေါင်းတိုက် ရှင်းထုတ်မှု ၄ကြိမ် ၊ ဘောလုံး ယှဉ်လုရာတွင် အောင်မြင်မှု ၃ကြိမ် တို့ကို ပြုလုပ်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ တွမ်ဇီဘီရဲ့ ပုံစံကောင်းဟာ ကာဗာနီရဲ့ အကြံပေးမှုတွေကြောင့် ဖြစ်ကြောင်း မန်ချက်စတာမြို့ အခြေစိုက် သတင်းထောက် အများစုက ယူဆနေကြပါတယ်။