ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပြိုင်ပွဲ ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်တွေမှာ အင်္ဂလန် အသင်းနှစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ အာဆင်နယ်အသင်းတို့ဟာ နိုင်ပွဲတွေ ပျောက်ဆုံးခဲ့ပေမယ့် ပထမအကျော့မှာ ဂိုးပြတ်နိုင်ပွဲတပွဲ ရရှိထားတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဆီမီးဖိုင်နယ်အဆင့်မှာ စီးရီးအေကလပ် ရိုးမားအသင်းနဲ့ ရင်ဆိုင်ကစားခဲ့ရတာ ဖြစ်ပြီး ယနေ့မနက်မှာ ကစားခဲ့တဲ့ ဒုတိယအကျော့ ပွဲစဉ်မှာ ၃-၂ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပေမယ့် ပထမအကျော့မှာ ၆-၂နဲ့ အနိုင်ရထားတာကြောင့် နှစ်ကျော့ပေါင်း ရလဒ် ၈-၅နဲ့ ဖိုင်နယ်အဆင့်ကို ရောက်ရှိကာ ဖိုင်နယ်အဆင့်မှာတော့ စပိန် လာလီဂါကလပ် ဗီလာရီးရဲလ်အသင်းနဲ့ ရင်ဆိုင် ကစားရမှာပါ။

Photo Credit: Sky Sports

ရိုးမားအသင်းနဲ့ ကစားခဲ့ရတဲ့ ဆီမီးဖိုင်နယ် နှစ်ကျော့စလုံးမှာ မန်ချက်စတာ ယူနိုက်တက်အသင်း အတွက် အဓိကကျခဲ့တဲ့ ကစားသမားဟာ ဝါရင့် တိုက်စစ်မှူး ကာဗာနီဖြစ်ပြီး ကာဗာနီဟာ အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ ပထမအကျော့ပွဲစဉ်မှာ ၂ဂိုးသွင်း ၊ ၂ဂိုး ဖန်တီးပေးနိုင်ခဲ့သလို ယနေ့မနက်မှာ ကစားခဲ့တဲ့ ဒုတိယအကျော့ ပွဲစဉ်မှာလည်း သွင်းဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ အဆိုပါ စွမ်းဆောင်ရည်ကြောင့်ပဲ ကာဗာနီဟာ ယူရိုပါလိဂ် ပြိုင်ပွဲရဲ့ သမိုင်းမှာ ဆီမီးဖိုင်နယ်ရဲ့ ပထမအကျော့မှာရော ဒုတိယအကျော့မှာပါ သွင်းဂိုး ၂ဂိုးစီ သွင်းယူနိုင်ခဲ့တဲ့ ပထမဦးဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း အချက်အလက် မှတ်တမ်းတွေကို စုဆောင်းတဲ့ OPTA သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Photo Credit: Sky Sports

အသက် ၃၄နှစ် အရွယ် ဥရုဂွေး လက်ရွေးစင် ဝါရင့် တိုက်စစ်မှူး ကာဗာနီဟာ ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၃၄ပွဲအထိ ပါဝင် ကစားပေးထားကာ သွင်းဂိုး ၁၄ဂိုး သွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှု ၅ကြိမ် ပြုလုပ်ထားနိုင်တဲ့ ကစားသမားပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကာဗာနီဟာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ဇွန်လ ၃၀ရက်နေ့မှာ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမား ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းဘက်က ကာဗာနီကို စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေသလို ကာဗာနီဟာလည်း တဖြည်းဖြည်းနဲ့ အင်္ဂလန်မှာ နေရတာ အသားကျလာတာကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။