ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အဓိက တိုက်စစ်မှူးတဦး ဖြစ်သူ ကာဗာနီကတော့ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ စပိန်လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့မယ် ဆိုတဲ့ သတင်းတွေကို ငြင်းဆန်သွားခဲ့ပါတယ်။

အသက် ၃၄နှစ် အရွယ် ဥရုဂွေးလက်ရွေးစင် တိုက်စစ်မှူး ကာဗာနီဟာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်သလို ယခုနှစ် ဘောလုံးရာသီမှာ ပုံမှန် ပွဲထွက်ခွင့် ရရှိဖို့ မရေရာတဲ့ ကစားသမားပါ။

Photo Credit: Express

ဒါကြောင့်လည်း ကာဗာနီဟာ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ရီးရဲလ်မက်ဒရစ် အသင်းဆီ ပြောင်းရွှေ့မယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပြီး ကာဗာနီရဲ့ အေးဂျင့်တချို့ကလည်း သူတို့ရဲ့ ကစားသမားဟာ အသင်းပြောင်းနိုင်ချေ ရှိကြောင်း ဥရုဂွေး သတင်းဌာနတွေကို ပြောကြားထားပါတယ်။

ဒါပေမယ့် အခုချိန်မှာတော့ ကာဗာနီက စပိန်လာလီဂါကလပ် ရီးရဲလ်မက်ဒရစ် အသင်းနဲ့ အပြောင်းအရွှေ့ သတင်းတွေ အပေါ် ငြင်းဆန်လိုက်ပြီး သူဟာ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ခြေစွမ်းပြနိုင်ဖို့သာ အာရုံစိုက်ထားကြောင်း ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

Photo Credit: Express

ကာဗာနီက – “ဘောလုံးရာသီက အခုမှ စတာပါ။ ဒီတော့ ကျွန်တော်က အပြောင်းအရွှေ့ သတင်းတွေနဲ့ ပတ်သတ်ပြီး မပြောချင်ပါဘူး။ ဂျာနယ်သမားတွေ ကတော့ ဒီလို ကောလဟာလတွေကို အမြဲတမ်း ဖွနေဆဲ ဖြစ်သလို နောက်လည်း ထပ်ဖွနေဦးမှာပါပဲ။ အင်တာဗျူးတွေဆိုလည်း အဲ့လိုပါပဲ။ သူတို့က ကစားသမား အရောင်းအဝယ်ကိုပဲ ပြောနေကြတာပါ” လို့ ထုတ်ဖော် ပြောကြားခဲ့တာပါ။