ဒီနှစ်ဘောလုံးရာသီ နွေရာသီအပြောင်းအရွှေ့စျေးကွက်ရဲ့နောက်ဆုံးနေ့ရက်မှာ မန်ချက်စတာယူနိုက်တက်အသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ ဝါရင့်တိုက်စစ်မှူးကြီး အက်ဒီဆင်ကာဗာနီကြောင့် အသင်းရဲ့တိုက်စစ်က ပိုပြီးအင်အားကောင်းလာနိုင်သလို သူကြောင့် သူနဲ့တွဲဖက်ကစားရတော့မယ့် အသင်းဖော်တွေရဲ့ခြေစွမ်းတွေပါ ပိုမိုတိုးတတ်လာနိုင်လိမ့်မယ်လို့ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်းကြီး ရိုင်ယန်ဂစ်က မှတ်ချက်ပြုပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Football365

အသက်(၃၃)နှစ်အရွှယ်ရှိ ဥရုဂွေးတိုက်စစ်ကစားသမားကြီးကာဗာနီဟာ (၇)နှစ်တာ ကျင်လည်ခဲ့တဲ့ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားပြီးနောက်မှာတော့ ယူနိုက်တက်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး လာမယ့်စနေနေ့မှာ ချယ်လ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း စတင်ပွဲထွက်ကစားရဖွယ် ရှိနေပါတယ်။ ကာဗာနီလို တကယ့်အထောင်တိုက်စစ်မှူးတစ်ယောက်ကို ပိုင်ဆိုင်ထားရခြင်းဟာ ယူနိုက်တက်အတွက် အကျိုးရှိစေကြောင်း ရိုင်ယန်ဂစ်ကနေ “ကျွန်တော်ရဲ့ဝေးလ်စ်လက်ရွေးစင်အသင်းအတွက် ဒုတိယမြောက်ပွဲမှာ ကာဗာနီနဲ့ ရင်ဆိုင်ခဲ့ရတယ်။ သူက အဲ့ဒီပွဲမှာ ဆွာရက်ဇ်ထက်ကို ပိုကောင်းသေးတယ်”

Photo Credit : Sky Sports

“ကျွန်တော်သူ့ကို အဲ့ဒီလောက်ကောင်းလိမ့်မယ်လို့တောင် မထင်ခဲ့ဘူး။ သူက တကယ့်ကို ပြိုင်ဘက်ခံစစ်သမားတွေအတွက် အန္တရာယ်များစေနိုင်တဲ့သူ။ အခုကတော့ သူဘောလုံးမကစားရတာ အချိန်အနည်းငယ်ကြာနေပြီဆိုတော့ နည်းနည်းလေးအရောင်မှိန်နေသလို ဖြစ်နေရတာပါ။ ဒါပေမယ့် သင့်ဆီမှာ သူ့လို အထောင်တိုက်စစ်မှူးတစ်ယောက်ကို ပိုင်ဆိုင်ထားရခြင်းက အရမ်းကို ကောင်းမွန်ပါတယ်။ သူက အသင်းရဲ့တိုက်စစ်ကို ဦးဆောင်နိုင်မယ့် တကယ့်အထောင်တိုက်စစ်မှူးပါ။ အခုဆို အသင်းက မားကပ်ရပ်ဖိုဒ့် မာစီယဲလ်တို့လို တောင်ပံတိုက်စစ်တဝက် အထောင်တိုက်စစ်တဝက် ကစားသမားတွေ ရှိနေသလို ကာဗာနီလို အထောင်တိုက်စစ်မှူးလည်း ရှိနေပါပြီ။ သူ့မှာက အတွေ့အကြုံကောင်းတွေလည်း အများကြီးရှိနေတာမို့ ဘရူနိုလို ကစားသမားမျိုး ဒါမှမဟုတ်ရင် သူနဲ့တွဲဖက်ကစားရမယ့် အသင်းဖော်တွေကို ပိုပြီးကောင်းမွန်လာစေလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်မိတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ရိုင်ယန်ဂစ်က ကာဗာနီအပေါ် အခုလိုသုံးသပ်ခဲ့ပေမယ့်လည်း ဂစ်နဲ့ယူနိုက်တက်မှာ တွဲဖက်ကစားခဲ့ဖူးတဲ့ ပေါလ်စခိုးကတော့ ဘောလုံးသမားဘဝကနေ အနားယူဖို့ နီးစပ်နေတဲ့ ကစားသမားတစ်ယောက်ကို အခုလို တစ်နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့ခြင်းအပေါ်မှာ အံ့အားသင့်ခဲ့ရကြောင်းနဲ့ တကယ်ဆို ကာလတိုစာချုုပ်လောက်နဲ့သာ ခေါ်ယူသင့်တာဖြစ်ကြောင်း ပြောဆိုထားခဲ့ပါတယ်။