ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဝါရင့် ဥရုဂွေး တိုက်စစ်မှူးကြီး ကာဗာနီဟာ လက်ရှိ ပရီးမီးယားလိဂ် ဘောလုံးရာသီရဲ့ အကောင်းဆုံး လူစားဝင် ကစားသမား အဖြစ် မှတ်တမ်း ဝင်နေကြောင်း မှတ်တမ်းမှတ်ရာတွေ အရ သိရှိရပါတယ်။ အသက် ၃၃နှစ် အရွယ် ဥရုဂွေး လက်ရွေးစင် ဝါရင့် တိုက်စစ်မှူး ကာဗာနီဟာ ပြင်သစ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ပီအက်စ်ဂျီ အသင်းကနေ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းမှာ ပုံမှန် ပွဲထွက်ခွင့် မရသေးပေမယ့် ကစားရတဲ့ မိနစ်တိုင်းမှာ အကောင်းဆုံး ခြေစွမ်းနဲ့ ကစားပြ နေတဲ့ တိုက်စစ်မှူး တစ်ဦးပါ။

Photo Credit: Metro

ယမန်နေ့မှာ ကစားခဲ့တဲ့ လက်စတာအသင်းနဲ့ ပွဲစဉ်မှာ လူစားဝင်လာပြီး ဖာနန်ဒက်ရဲ့ သွင်းဂိုးကို ဖန်တီးနိုင်ခဲ့ အပြီးမှာတော့ ကာဗာနီဟာ လက်ရှိ ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ ၈ပွဲ ပါဝင် ကစား ပေးထားပြီး ၃ဂိုး သွင်းယူထားကာ ၂ဂိုး ဖန်တီးနိုင်တဲ့ မှတ်တမ်းတစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။ ပွဲစဉ်နဲ့ တွက်ကြည့်မယ် ဆိုရင် ကာဗာနီရဲ့ သွင်းဂိုးနဲ့ အခွင့်အရေး ဖန်တီးမှုဟာ သာမန်လို့ ဆိုရမှာ ဖြစ်ပေမယ့် သူ့ရဲ့ ကစားချိန် မိနစ်တွေနဲ့ တွက်ဆကြည့်ရင်တော့ အတော်လေး ကောင်းမွန်နေတာကို မြင်တွေ့ နေရပါတယ်။ ကာဗာနီဟာ လက်ရှိ ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ၂၀၅မိနစ် သာ ကစားထားရပြီး အသင်းရဲ့ သွင်းဂိုး ၅ဂိုးနဲ့ ပတ်သတ် ဆက်နွယ်နေကာ မိနစ် ၄၀တိုင်းမှာ သွင်းဂိုး ၁ဂိုးနဲ့ ပါဝင် ပတ်သတ်နေတာ ဖြစ်ပါတယ်။

Photo Credit: Metro

ဒါ့အပြင် ကာဗာနီဟာ လက်ရှိ ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ သွင်းဂိုး တစ်ဂိုးရဖို့ အချိန်အနည်းဆုံး ယူရတဲ့ ကစားသမား အဖြစ်လည်း မှတ်တမ်း ဝင်နေပါတယ်။ ကာဗာနီဟာ လက်ရှိမှာ ၆၉မိနစ် ကစားပြီးတိုင်း ပရီးမီးယားလိဂ် သွင်းဂိုး တစ်ဂိုး သွင်းယူ ထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ရှိတဲ့ ဘောလုံး အချက်အလက်တွေကို မှတ်တမ်းတင်တဲ့ OPTAရဲ့ ဖော်ပြချက် အရတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး ကာဗာနီဟာ လက်ရှိ ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ လူစားဝင် ကစားပြီး သွင်းဂိုး အများဆုံး ရရှိအောင် စွမ်းဆောင် ပေးထားနိုင်တဲ့ ကစားသမား တစ်ဦးဖြစ်ကြောင်း သိရှိရပါတယ်။ ကာဗာနီဟာ ယခင်ကတည်းက ကမ္ဘာ့အဆင့် တိုက်စစ်မှူး တစ်ဦး ဖြစ်တာကြောင့် သူ့ရဲ့ စွမ်းဆောင်ရည်ပိုင်းနဲ့ ပတ်သတ်ပြီး သံသယဝင်စရာ မလိုပဲ လက်ရှိ ဘောလုံးရာသီမှာ ကာဗာနီက မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့အတူ ဘယ်လောက်အထိ အမြင့်ပျံပြနိုင်မလဲ ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့် သွားရမှာပါ။