ဒီကနေ့ည ဂျာမနီနိုင်ငံမှာ နာမည်ကျော် ဘွန်ဒစ်လီဂါကလပ် လိုက်ပ်ဇစ်အသင်းနဲ့ ယှဥ်ပြိုင်ကစားရမယ့် အုပ်စုကနေ နောက်တစ်ဆင့်ကို တတ်လှမ်းနိုင်ဖို့အတွက် အရေးကြီးလှတဲ့ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲစဥ်အတွက် ရွေးချယ်ထားခဲ့တဲ့ လူစာရင်းအတွင်းမှာ အသင်းရဲ့တိုက်စစ်ကစားသမားတွေဖြစ်တဲ့ အန်တိုနီမာစီယဲလ်နဲ့ အက်ဒီဆင်ကာဗာနီတို့က ဒဏ်ရာပြသာနာတွေကြောင့် ချန်လှပ်ထားခံခဲ့ရတယ်လို့ သိရပါတယ်။

Photo Credit : Manchester Evening News

ယူနိုက်တက်အသင်းဟာ ဒီနှစ်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အုပ်စုအဆင့် (၅)ပွဲအထိ ယှဥ်ပြိုင်ကစားထားပြီးနောက် နိုင်ပွဲ(၃)ပွဲရှံးပွဲ(၂)ပွဲ တွေ့ကြုံထားပြီး ရမှတ်(၉)မှတ်နဲ့ အုပ်စု(H)ရဲ့ ထိပ်ဆုံးနေရာမှာ ရှိလို့နေပါတယ်။ ဒါပေမယ့် အုပ်စုတွင်းက တခြားသော အသင်းတွေဖြစ်တဲ့ ပီအက်စ်ဂျီနဲ့လိုက်ပစ်ဇ်အသင်းတွေကလည်း ယူနိုက်တက်နဲ့ ရမှတ်ချင်းတူနေတာကြောင့် ယူနိုက်တက်အသင်းဟာ ဒီပွဲစဥ်မှာ အနည်းဆုံးတော့ သရေလောက်ရအောင် ကစားဖို့လိုအပ်နေပါတယ်။ ခြေချော်လို့မရတော့တဲ့ ဒီလိုပွဲစဥ်မှာ ယူနိုက်တက်အနေနဲ့ တိုက်စစ်ပိုင်းက ကစားသမားနှစ်ယောက်ကို ဒဏ်ရာပြသာနာအသီးသီးကြောင့် ဂျာမနီကို မခေါ်ဆောင်သွားနိုင်ခဲ့တာကတော့ အသင်းအတွက် နစ်နာစရာတစ်ခု ဖြစ်လာနိုင်ပါတယ်။

Photo Credit : Manchester Evening News

ယူနိုက်တက်ဟာ ဒီပွဲမတိုင်ခင် အိမ်ကွင်းမှာ ပီအက်စ်ဂျီအသင်းကို ဧည့်ခံကစားခဲ့ရတဲ့ ပွဲစဥ်အတွင်းမှာလည်း အသင်းရဲ့ကွင်းလယ်ကစားသမားဖရက်ဒ် နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံထားရတာကြောင့် ဒီပွဲကို လွဲချော်ရတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်အတွက် ကံကောင်းစေတာကတော့ လိုက်ပ်ဇစ်အသင်းရဲ့ အဓိကနောက်ခံကစားသမား ဒေးယော့ခ်အူပါမယ်ကာနိုက အဝါကတ်နှစ်ကြိမ် ထိထားခဲ့လို့ ဒီပွဲကို လွဲချော်ရတော့မှာဖြစ်သလို ဒဏ်ရာကြောင့် အနားယူနေရတဲ့ အသင်းရဲ့ ဘယ်နောက်ခံကစားသမား လုခ်ရှောဟာလည်း ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီဖြစ်လို့ အသင်းရဲ့လူစာရင်းထဲမှာပင် ပြန်လည်ပါဝင်လာနိုင်ပြီဖြစ်ပါတယ်။ လိုက်ပ်ဇစ်က ဒီရာသီ ဘွန်ဒစ်လီဂါနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေအတွင်း ကစားခဲ့သမျှ အိမ်ကွင်းပွဲစဥ်တွေအားလုံးကို အနုိင်ယူထားတဲ့ အသင်းတစ်သင်းဆိုပေမယ့်လည်း ယူနိုက်တက်ကလည်း ဒီရာသီမှာ အိမ်ကွင်းထက် အဝေးကွင်းစွမ်းရည်တွေက သာလွန်ကောင်းမွန်လို့နေပြီး ဘာရှက်ဆီဟီကွင်းမှာ ကစားခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲတစ်ပွဲကိုပဲ ရှုံးထားခဲ့ပြီး ကျန်တဲ့ပွဲတွေမှာ အနုိင်ရထားခဲ့ပါတယ်။ ဒါပေမယ့် ဒီလို အရေးတကြီးပွဲစဥ်မှာ တိုက်စစ်ပိုင်းက ကစားသမားနှစ်ယောက်တောင် မပါဝင်လာနိုင်တာကတော့ အသင်းအတွက် အနည်းနဲ့အများတော့ ထိခိုက်ရစေနိုင်ပါတယ်။