ဥရောပ အင်အားကြီးအသင်းတွေ ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် ၊ အေစီမီလန်နဲ့ အင်တာမီလန်တို့မှာ ကစားခဲ့ဖူးသလို လက်ရှိအချိန်မှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ အီတလီ ဂန္တဝင် တိုက်စစ်မှူးကြီး ကာဆာနိုကတော့ သူ့ရဲ့ အသင်းဟောင်း အင်တာမီလန်အနေနဲ့ အသင်းကနေ ထွက်ခွာသွားတာ ၁ရာသီပဲ ရှိသေးတဲ့ တိုက်စစ်မှူး လူကာကူကို ပြန်ခေါ်လိုက်ရင် အမှားကြီး မှားနိုင်တယ်လို့ သတိပေးစကား ပြောကြားသွားခဲ့ပါတယ်။

၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ အီတလီ စီးရီးအေ ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့တဲ့ အင်တာမီလန်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာတော့ သူတို့ရဲ့ စီးရီးအေ ချန်ပီယံဘွဲ့ကို မြို့ခံပြိုင်ဘက် အေစီမီလန်ထံ လွှဲပြောင်းပေးခဲ့ရပြီး ချန်ပီယံဆုကို မကာကွယ်နိုင်ခဲ့တာကြောင့်ပဲ အင်တာမီလန်က ယခု နွေဈေးကွက် အတွင်းမှာ အသင်းကို အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ကာ လာမယ့်ရာသီမှာ စီးရီးအေ ချန်ပီယံဆုကို အရယူဖို့ စီစဉ်နေတဲ့ အသင်းပဲ ဖြစ်ပါတယ်။

Photo Credit: The Sun

လက်ရှိမှာတော့ အင်တာမီလန်က သူတို့အသင်းရဲ့ တိုက်စစ်ပိုင်းနဲ့ ခံစစ်ပိုင်းကို အဓိကထား အင်အားဖြည့်တင်းဖို့ ကြိုးစားနေပြီး တိုက်စစ်ပိုင်း အတွက် ဂျူဗင်တပ်နဲ့ လမ်းခွဲထားတဲ့ အာဂျင်တီးနား ကြယ်ပွင့် တိုက်စစ်မှူး ပေါ်လို ဒိုင်ဘာလာကို အလွတ်နဲ့ ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေသလို တဖက်မှာလည်း အသင်းရဲ့ တိုက်စစ်မှူးဟောင်း လူကာကူကို ချယ်လ်ဆီးကနေ တရာသီ အငှားနဲ့ ပြန်လည် ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။

အသက် ၂၉နှစ် အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူး လူကာကူက အင်တာမီလန်ရဲ့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ စီးရီးအေအောင်ပွဲမှာ အဓိကကျခဲ့တဲ့ ကစားသမား တဦး ဖြစ်ပြီး သူဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ အစကမှ အင်တာမီလန်ကနေ ချယ်လ်ဆီးထံ ကလပ်ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့ကာ ချယ်လ်ဆီးမှာ အဆင်မပြေမှုတွေ ကြုံနေရတာကြောင့် အင်တာမီလန်ဆီ ပြန်လာချင်နေသူလည်း ဖြစ်ပါတယ်။

Photo Credit: The Sun

အင်တာမီလန်ကလည်း အသင်းရဲ့ ကစားသမားတွေနဲ့ အတွဲညီတဲ့ လူကာကူကို ပြန်လည် ခေါ်ယူဖို့ စီစဉ်နေပြီး လူကာကူ အတွက် ချယ်လ်ဆီးနဲ့ တရားဝင် ဆွေးနွေးမှုတွေ မကြာခင်မှာ ပြုလုပ်ဖို့ စီစဉ်ထားကာ အင်တာမီလန်ရဲ့ တိုက်စစ်မှူးဟောင်း တဦး ဖြစ်သူ ကာဆာနိုကတော့ သူသာဆိုရင် လူကာကူကို ပြန်ခေါ်ဖို့ ကြိုးစားမည် မဟုတ်ကြောင်း ပြောကြားရင်း အင်တာမီလန်ရဲ့ လုပ်ဆောင်မှုတွေကို ဝေဖန်သွားပါတယ်။

ကာဆာနိုက – “ကျွန်တော်သာဆိုရင် လူကာကူကို ပြန်ခေါ်ဖို့ လုံးဝ စဉ်းစားမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့က သူ့ကို ပြန်ခေါ်ဖို့ ဆိုရင် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေ ပေးရမယ်။ ပြီးတော့ အသင်းရဲ့ ပရိသတ်တွေနဲ့ လူကာကူတို့ အဆင်ပြေပါ့မလား ဆိုတာက ထည့်သွင်း စဉ်းစားရမယ့် အချက်တခုပါ။ တကယ်လို့ လူကာကူက တပွဲကို ၂ဂိုးနှုန်း သွင်းနိုင်ရင်တော့ ပရိသတ်တွေနဲ့ ပြန်ပြီး အဆင်ပြေနိုင်ပေမယ့် မျှော်လင့်ထားသလိုတွေ မဖြစ်လာရင် သူ့အတွက် အခက်အခဲတွေ အများကြီး ဖြစ်လာပါလိမ့်မယ်။ လူကာကူကလည်း ဒါကို ထည့်သွင်း စဉ်းစားသင့်ပါတယ်။ ကျွန်တော်သာ သူ့နေရာမှာ ဆိုရင် ချယ်လ်ဆီးမှာပဲ နောက်ထပ် ၁ရာသီ ဆက်နေပါမယ်” လို့ ဝေဖန် သုံးသပ်သွားခဲ့တာပဲ ဖြစ်ပါတယ်။