အီတလီအသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူး တဦး ဖြစ်သူ ကတ်ဆာနိုကတော့ ယခုနှစ် ဘောလုံးရာသီမှာ ခြေစွမ်းကောင်းတွေ ပြသဖို့ ရုန်းကန်နေရတဲ့ ပေါ်တူဂီကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုအနေနဲ့ ခြေစွမ်းကောင်းတွေ မပြသနိုင်တော့ဘူးလို့ ထင်ရင် ကစားသမားဘဝ ကနေ အနားယူလိုက်သင့်ပြီလို့ တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

မကြာခင်မှာ အသက် ၃၈နှစ် ပြည့်တော့မယ့် ပေါ်တူဂီ အသင်းခေါင်းဆောင် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုက ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ၅ကြိမ် အထိ ရရှိခဲ့သလို ကမ္ဘာ့ဘောလုံးသမိုင်းမှာ အကောင်းဆုံး ကစားသမား ၁၀ဦး စာရင်းထဲ ဝင်တဲ့ အထိ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ ဂန္တဝင် ကစားသမား တဦးပဲ ဖြစ်ပါတယ်။

Photo Credit: Goal

ဒါပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီ ကုန်ဆုံးခါနီးမှာ မွေးကင်းစ သားငယ်လေးကို ဆုံးရှုံးခဲ့ရတာကြောင့် စိတ်ကျရောဂါ ခံစားခဲ့ရတဲ့ ရိုနယ်ဒိုဟာ ယခုနှစ် ဘောလုံးရာသီမှာ ကလပ်အသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အတွက်ရော နိုင်ငံအသင်း ဖြစ်တဲ့ ပေါ်တူဂီ အတွက်ပါ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရပါတယ်။

ရိုနယ်ဒိုက ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်နဲ့ ပေါ်တူဂီ အတွက် ပြိုင်ပွဲစုံမှာ စုစုပေါင်း ၈ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ကြိမ်သာ ရရှိထားသလို ပွဲတွေ အတွင်းမှာ ရရှိလာတဲ့ အပိုင်ဂိုးသွင်းခွင့် များစွာကိုလည်း ဖြုန်းတီးမိထားပါတယ်။

Photo Credit: Goal

ဒါကြောင့်ပဲ အီတလီ ဂန္တဝင် တိုက်စစ်မှူး တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ကတ်ဆာနိုက ရိုနယ်ဒိုဟာ ခြေစွမ်းကောင်းတွေ မပြသနိုင်တော့ဘူး ဆိုရင် ကစားသမားဘဝ ကနေ အနားယူလိုက်သင့်ကြောင်းနဲ့ ရိုနယ်ဒိုဟာ အရာအားလုံးကို အောင်နိုင်ထားတဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်နေပါပြီလို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ကတ်ဆာနိုက – “အခုချိန်မှာ ရိုနယ်ဒိုက တခြားအရာတွေထက် သူ့ကိုယ်သူ ဦးစားပေးသင့်ပါပြီ။ တကယ်လို့ ခင်ဗျားကသာ ကောင်းမွန်တဲ့ အဆင့်အတန်း တခုမှာ မရှိတော့ဘူး ဆိုရင် အဲ့ဒီအရာ ကနေ အနားယူလိုက်တာဟာ အကောင်းဆုံးပါပဲ။ သူက အရာအားလုံးကို အောင်နိုင်ထားတဲ့ ဂန္တဝင် တဦးပါ။ ဒါကြောင့် သူ့ရဲ့ ကစားသမား ဘဝကို ဒီနေရာမှာပဲ ရပ်တန့်လိုက်သင့်ပါပြီ။ ဒီလိုမှ မဟုတ်ဘူး ဆိုရင်တော့ သူဟာ အရန်ခုံမှာ ထိုင်နေရတဲ့ ကစားသမား တဦး အဆင့်ကို ရောက်သွားပါလိမ့်မယ်” လို့ ရိုနယ်ဒိုအား တိုက်တွန်း အကြံပေးသွားခဲ့တာပါ။