ရိုးမား ၊ ရီးရဲလ်မက်ဒရစ် ၊ အေစီမီလန် စတဲ့ ဥရောပထိပ်သီးအသင်းတွေမှာ ကစားခဲ့ဖူးတဲ့ အီတလီတိုက်စစ်မှူးဟောင်းကြီး ကာဆာနို ကတော့ လူတွေအနေနဲ့ မာရိုဒိုနာဟာ မက်ဆီ ထက် ပိုကောင်းတယ်ဆိုတဲ့ အမြင်တွေကို ဘေးဖယ်သင့်ပြီလို့ ပြောကြားသွားခဲ့ပါတယ်။ မက်ဆီနဲ့ မာရာဒိုနာ နှစ်ဦးစလုံးဟာ ဘယ်သန် ကစားသမားတွေ ဖြစ်သလို အာဂျင်တီးနား နိုင်ငံသားတွေလည်း ဖြစ်တာကြောင့် မက်ဆီနဲ့ မာရာဒိုနာ နှစ်ဦးမှာ ဘယ်သူက ပိုကောင်းတဲ့ ကစားသမားလဲဆိုတဲ့ မေးခွန်းဟာ ဘောလုံးလောကရဲ့ ဖြေရခက်တဲ့ မေးခွန်းတွေထဲက တစ်ခုဖြစ်ပြီး မက်ဆီက မာရာဒိုနာထက် ပိုကောင်းတဲ့သူလို့ မြင်နေသူတွေ ရှိကြသလို မာရာဒိုနာက မက်ဆီထက် ပိုကောင်းတယ်ဆိုတဲ့ အယူအဆကို လက်ကိုင် ထားသူတွေကလည်း မနည်းလှပါဘူး။

Photo Credit: Express.com

မက်ဆီရော မာရာဒိုနာရောဟာ ဘယ်သန် ကစားသမားတွေလည်း ဖြစ် ၊ ကစားပုံချင်းလဲ ဆင်တူတဲ့ ကစားသမားတွေ ဖြစ်ကြပြီး နှစ်ဦးစလုံးဟာ ပင်ကိုယ်ပါရမီတွေ ပြည့်ဝကြတဲ့သူတွေ ဖြစ်သလို ပေါ်ထွက်လာတဲ့ ခေတ်ကာလ မတူညီတာကြောင့် ဘယ်သူက ပိုကောင်းသလဲဆိုတာ ဖြေရခက်ပါတယ်။ ဒါပေမယ့် အာဂျင်တီးနားက လူအများစုကတော့ မာရာဒိုနာဟာ ကမ္ဘာ့ဖလားကို နိုင်ငံအတွက် အရယူပေးနိုင်ခဲ့တာကြောင့် မက်ဆီထက် ပိုကောင်းတဲ့ ကစားသမားလို့ သတ်မှတ်ထားကြပါတယ်။ ခေါင်းမာတတ်တဲ့ အီတလီသားကြီး ကာဆာနိုတော့ ဒီအချက်ကို လက်သင့်ခံပုံ မပေါ်ပါဘူး။

Photo Credit: Express.com

ကာဆာနိုက မာရာဒိုနာရဲ့ ခြေစွမ်း အကောင်းဆုံး အချိန်တွေဟာ နှစ်အနည်းငယ်သာ ကြာခဲ့ကြောင်းနဲ့ မက်ဆီဟာ သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းတွေကို နှစ်ပေါင်းများစွာ ထိန်းထားနိုင်သူ ဖြစ်တာကြောင့် ဘယ်သူက ပိုကောင်းလဲဆိုတာဟာ ရှင်းလင်းလွန်းတယ်လို့ ပြောကြားသွားခဲ့ပါတယ်။ မက်ဆီနဲ့ မာရာဒိုနာ ဘယ်သူပိုကောင်းလဲဆိုတဲ့ မေးခွန်းအပေါ် ကာဆာနိုက ” မာရာဒိုနာက တစ်ခါမှ မမြင်ဖူးခဲ့တဲ့ ပုံစံကောင်းတွေကို လေး ၊ ငါးနှစ်လောက် စွမ်းဆောင်ပြနိုင်ခဲ့တဲ့ ကစားသမားပါ။ ဒါပေမယ့် မက်ဆီက သူ စွမ်းဆောင်ပြခဲ့တဲ့ စွမ်းဆောင်ရည်မျိုးကို ၁၅နှစ် လောက် စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။ မာရာဒိုနီယန်း(မာရာဒိုနာကို ကြိုက်နှစ်သက်သူ) တွေက ဒီအချက်ကို လက်ခံသင့်ပါတယ်။ မာရာဒိုနာကို ဖယ်ထုတ်နိုင်တဲ့ တစ်စုံတစ်ဦး(မက်ဆီ) ရှိနေတဲ့ အချက်ကိုပေါ့ ” လို့ ဖွင့်ဟပြောကြားသွားခဲ့တာပါ။