နည်းပြကြီး ဂျိုဆေးမော်ရင်ဟို လတ်တလောမှာ ဂိုးသွင်းအား အလွန်ကောင်းနေတဲ့ အာလင်းဟာလန်းတို့အကြောင်းတွေကို ပြောဆိုရင်း ပွဲတွေ ရှာခဲ့သူ အီတလီ ကစားသမားဟောင်းကြီး ကာဆာနိုက အခုလည်း အင်တာမီလန်အသင်းရဲ့ နည်းပြ ဆီမြွန်အင်ဇာဂီ နဲ့ အင်တာ တိုက်စစ်မှူး လူကာကူတို့အကြောင်းကို ထပ်ပြောလာရင်း ထပ်မံ ပွဲရှာလာခဲ့ပြန်ပါတယ်။

Photo Credit : The Mirror

ဘောလုံးသမားဘဝအတွင်း ထိပ်တန်း ကလပ်အသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးပေမယ့် အောင်မြင်မှု ဘာမှ မယ်မယ်ရရ မရယူနိုင်ဖူးသူ ကွင်းအတွင်း ကွင်းအပြင် အငြင်းပွားဖွယ်ရာ ဖြစ်ရပ်များစွာ ပြသာနာများစွာ ဖြစ်ခဲ့သူ ကာဆာနိုဟာ မော်ရင်ဟို ဟာလန်းတို့လို ဘောလုံးလောကရဲ့ အထင်ကရ ပုဂ္ဂိုလ်တွေကို ဝေဖန် ပြောဆိုခဲ့သလို အခုလည်း အင်တာမီလန်ရဲ့ နည်းပြ နဲ့ ကစားသမားဖြစ်သူ အင်ဇာဂီ လူကာကူတို့ အကြောင်းကိုပါ ထပ်မံ ပြောဆိုခဲ့ပြန်ပါတယ်။

Photo Credit : Ossi Notisie

“ကျွန်တော် ဆီမြွန်နီအင်ဇာဂီကို သဘောကျပါတယ်။ ဒါပေမယ့် သူက သူလုပ်နေတဲ့ အလုပ်တွေကို ကျေနပ်မှု မရှိဘူး။ သူက အင်တာနည်းပြဘဝမှာ ဆုဖလား (၂)လုံး ရယူခဲ့တာ ဟုတ်ပါတယ်။ ဒါပေမယ့် မနှစ်ကတော့ သူ အမှတ်ပေးလိဂ်မှာ အသင်းကို ကောင်းကောင်း မမောင်းနှင်နိုင်သလို ဒီနှစ်မှာလည်း နာပိုလီနဲ့ အမှတ်(၂၀)လောက်တောင် ကွာဟနေပါတယ်။ ဒါက အမြဲတမ်းပဲ ဖြစ်နေမှာ။ ချန်ပီယံလိဂ်ဖလား လား။ ချန်ပီယံလိဂ်က ဒီရာသီမှာ နည်းပြကို ကယ်တင်နေတာ။ ဒါပေမယ့်လည်း ဖလားယူနိုင်မှပဲ ဖြစ်ပါလိမ့်မယ်။ ဖလားသာ မရခဲ့ရင်တော့ ဒီရာသီက လုံလောက်မှု ရှိမှာ မဟုတ်ပါဘူး။”

Photo Credit : Football London

“လူကာကူလား။ သူက ကွန်တီနဲ့သာဆိုရင်တော့ မတူကွဲပြားတဲ့ ယန္တရားတစ်ခုလိုပဲ။ အခု လူကာကူကိုတော့ မဆိုလိုဘူး။ အခု လူကာကူထက်စာရင်တော့ ကျွန်တော်က ဂျက်ကို ကိုပဲ ပိုပြီး ကြိုက်တယ်။ လူကာကူက ကွန်တီနဲ့မှ အဆင်ပြေတာ။ မဟုတ်ရင်တော့ သူ့ကို ကိုးရိုးကားရားနဲ့ လေးကန် နှေးကွေးနေတဲ့ ပုံစံလိုပဲ မြင်မိတယ်” လို့ပါ ကာဆာနိုက ပြောဆိုသွားခဲ့ပါတယ်။