ဒီနှစ်ဘောလုံးရာသီအစမှာ လက်စတာအသင်းကနေ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ နောက်ခံလူ ဟယ်ရီမက်ဂွိုင်းယားကို ခေါ်ယူခဲ့ပြီးတဲ့နောက်မှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ သူတို့ရဲ့ ခံစစ်မှူး ခရစ်စမောလင်းကို ရိုးမားအသင်းဆီ တစ်ရာသီအငှားစာချုပ်နဲ့ ပို့ဆောင်လိုက်ပါတယ်။ အင်္ဂလန်ပြင်ပ ကလပ်အသင်းတွေမှာ တစ်ခါမှ မကျင်လည်ခဲ့ဖူးသေးတဲ့ စမောလင်းဟာ ရိုးမားအသင်းမှာတော့ အံ့အားသင့်စရာကောင်းလောက်အောင် အလျင်အမြန် အထိုင်ကျခဲ့ပြီး ရိုးမားခံစစ်အတွက် အရေးအပါဆုံး နောက်ခံလူတစ်ယောက် ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Daily Mail

ဒါကြောင့်ပဲ ရိုးမားအသင်းက စမောလင်းကို တစ်ရာသီအငှားစာချုပ် ပြည့်သွားချိန်မှာ ယူနိုက်တက်အသင်းကနေ အပြီးသတ်ခေါ်ယူဖို့ ပြင်ဆင်နေခဲ့တာဖြစ်ပြီး အာဆင်နယ်ကနေ အငှားခေါ်ထားတဲဲ့ ယူနိုက်တက်ကွင်းလယ်လူဟောင်း မစ်ခီတာရန်ကိုပါ အပြီးသတ်ခေါ်ယူဖို့ စီစဉ်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရိုးမားအသင်း နှစ်ဝက်ဘဏ္ဍာရေးရှင်းတမ်း ထုတ်ပြန်ချက်အရ ပေါင်(၇၇.၅)သန်းလောက်အထိကို အရှံးပေါ်နေတာဖြစ်လို့ စမောလင်းကိုရော မစ်ခီတာရန်ကိုပါ အပြီးသတ်ခေါ်ယူဖို့ ကိစ္စက ဖြစ်လာနိုင်ဖို့ အခွင့်အရေးနည်းပါးသွားခဲ့ရပါတယ်။

Photo Credit : Daily Mail

ရိုးမားအသင်းအနေနဲ့ အခုလို ဘဏ္ဍာရေးအရှံးပေါ်ရခြင်းဟာ ဒီရာသီမှာ ဥရောပချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရတာကြောင့်ဖြစ်ပြီး လာမယ့်နှစ်လည်း ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မသေချာသေးတဲ့ အနေအထားမှာရောက်နေတာကြောင့် ရိုးမားရဲ့ ဘဏ္ဍာရေးကိစ္စက စိုးရိမ်စရာ အနေအထားကို ရောက်သွားနိုင်ပါတယ်။ ဒါ့အပြင် လက်ရှိမှာ ကိုရိုနာဗိုင်းရပ်စ်ပြသာနာကြောင့် ကလပ်အသင်းတိုင်းရဲ့ စီးပွားရေးအခြေအနေ ယိုင်နဲ့နေရလို့ ရိုးမားအနေနဲ့ စမောလင်းကို ယူနိုက်တက်အသင်းဆီပဲ ပြန်လည်ပို့ဆောင်ရနိုင်ပါတယ်။ ဒါပေမယ့် ကစားသမားကတော့ ယူနိုက်တက်မှာ ပြန်မကစားချင်တော့ပဲ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲကမှ တစ်သင်းသင်းဆီကိုပဲ အပြီးသတ်ပြောင်းဖွယ်ရှိနေပါတယ်။ စမောလင်းကို အာဆင်နယ် ဂျုဗင်တပ်စ် အေစီမီလန် အင်တာမီလန်နဲ့ နာပိုလီအသင်းတို့ကနေ ခေါ်ယူဖို့ အထူးစိတ်ဝင်စားနေပြီး အီတလီမှာ အခြေတကျဖြစ်နေတာကြောင့် အာဆင်နယ်ထက် စီးရီးအေအသင်းတစ်သင်းသင်းကိုသာ ရွေးချယ်ဖွယ်ရှိနေပါတယ်။