လက်ရှိ ချန်ပီယံလိဂ် ချန်ပီယံ ရီးရဲလ်မက်ဒရစ်ကနေ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရထားတဲ့ ဘရာဇီးလ် ကွင်းလယ်ကြယ်ပွင့် ကတ်စ်မဲရိုးက မန်ချက်စတာ ယူနိုက်တက်မှာ ဂန္တဝင် ကွင်းလယ်လူ တဦး ဖြစ်သူ ပေါလ်စခိုးလ် ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၈ကို ဝတ်ဆင်ဖို့ ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။

အသက် ၃၀ အရွယ် ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးက ရီးရဲလ်မက်ဒရစ်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၆၀သန်း + အပိုဆုကြေး ပေါင် ၁၀သန်းနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိထားပြီး သူက မန်ချက်စတာ ယူနိုက်တက်နဲ့ ၄နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုဖို့ ရှိနေပါတယ်။

Photo Credit: Marca

ကတ်စ်မဲရိုးဟာ ကမ္ဘာ့အဆင့် ကွင်းလယ်ခံစစ် ကစားသမား တဦး ဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက်က သူ့ကို ခေါ်ယူနိုင်ခဲ့တာဟာ အတော်လေးကို ကောင်းမွန်တဲ့ ကစားသမား ခေါ်ယူမှုလို့ ပြောနိုင်ပြီး ဘောလုံးရေးရာ ကျွမ်းကျင်သူတွေကလည်း ကတ်စ်မဲရိုးဟာ ယူနိုက်တက်ရဲ့ မရှိမဖြစ် ကစားသမား တဦး ဖြစ်လာလိမ့်မယ်လို့ ထင်ကြေးပေးထားကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ ပရိသတ် အများစုကတော့ သူတို့ရဲ့ မန်ချက်စတာ ယူနိုက်တက် ဝတ်စုံတွေမှာ ကတ်စ်မဲရိုးရဲ့ နာမည်နဲ့ ကျောနံပါတ်ကို ရိုက်နှိပ်ကာ ကတ်စ်မဲရိုးကို ကြိုဆိုကြဖို့ ပြင်ဆင်နေကြပြီး ကတ်စ်မဲရိုးအနေနဲ့ ဘယ်ကျောနံပါတ်ကို ဝတ်ဆင်မလဲ ဆိုတာ အခုထိ မသိရသေးပါဘူး။

Photo Credit: Marca

နာမည်ကြီး စပိန်သတင်းထောက် တဦး ဖြစ်သူ Corteganaရဲ့ ဖော်ပြချက်အရ ကတ်စ်မဲရိုးက မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကွင်းလယ်လူ တဦး ဖြစ်သူ ပေါလ်စခိုးလ် ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၈ကို မန်ချက်စတာ ယူနိုက်တက်မှာ ဝတ်ဆင် ကစားသွားဖို့ စီစဉ်ထားကြောင်းနဲ့ ကတ်စ်မဲရိုးက ယူနိုက်တက်နဲ့အတူ အောင်မြင်မှုတွေ ရယူချင်တာကြောင့် အခုလိုမျိုး ပေါလ်စခိုးလ်ရဲ့ ကျောနံပါတ်ကို ဆက်ခံဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။