ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးက သူဟာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင်ရာထူးကို ရယူချင်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

အသက် ၃၁နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးက ပြီးခဲ့တဲ့ ၂၀၂၂ နွေဈေးကွက်မှာမှ လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ် ကနေ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ကြေး ယူရို ၇၀သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ယူနိုက်တက်ဆီ ရောက်ရောက်ချင်းမှာပဲ အသင်းရဲ့ အဓိက ကစားသမား အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။

Photo Credit: Goal

ကတ်စ်မဲရိုးက မန်ချက်စတာ ယူနိုက်တက် ကစားသမား ဘဝ ပထမဦးဆုံး ဘောလုံးရာသီမှာ ဘရူနို ဖာနန်ဒက် ၊ အဲရစ်ဆင်တို့နဲ့ တွဲဖက်ကာ ယူနိုက်တက်ရဲ့ ကွင်းလယ်ကို အကောင်းဆုံး ဦးဆောင်နိုင်ခဲ့ပြီး သူက ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၅၁ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၇ဂိုး အထိ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၆ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ကတ်စ်မဲရိုးက မန်ချက်စတာ ယူနိုက်တက်ဆီ ရောက်လာတာ ၁နှစ်ပဲ ရှိသေးပေမယ့် အသင်းရဲ့ အဓိက ကစားသမားတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရသလို အသင်းဖော်တွေ အပေါ် လွှမ်းမိုးမှု ရှိကာ အသင်းကို ဦးဆောင်နေတဲ့ ကစားသမားတွေထဲမှာလည်း ပါဝင်ပါတယ်။

Photo Credit: The Times

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က ကတ်စ်မဲရိုးကို လာမယ့် ဘောလုံးရာသီမှာ အသင်းရဲ့ ဒုတိယ အသင်းခေါင်းဆောင် အဖြစ် ခန့်အပ်ဖို့ စဉ်းစားနေပြီး ကတ်စ်မဲရိုးကလည်း မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူချင်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ကတ်စ်မဲရိုးက – “အရိုးသားဆုံး ပြောရရင် ကျွန်တော်က အသင်းခေါင်းဆောင်ရာထူးကို လိုချင်ပါတယ်။ ကျွန်တော်က ခေါင်းဆောင် တယောက် ဖြစ်ချင်တယ်။ အားလုံးကို ဂရုစိုက်ပေးချင်တယ်။ အားလုံးကို အဖေ တယောက်လို စောင့်ရှောက်ပေးချင်တယ်။ ပြီးတော့ အားလုံးရဲ့ စံပြကစားသမား ဖြစ်ချင်တယ်။ လေ့ကျင့်ရေးကွင်းကို အရင်ဆုံး ရောက်တဲ့လူ ဖြစ်ချင်တယ်။ ကျွန်တော်က ခေါင်းဆောင် ဆိုတဲ့ ဂုဏ်ပုဒ်ကို လိုချင်ပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။