မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ကက်စမဲရိုးက လာမယ့်နှစ် ဖေဖော်ဝါရီလထဲ ဘာစီလိုနာအသင်းနဲ့ ထိပ်တိုက် ရင်ဆိုင်ရတော့မယ့် ယူရိုပါလိဂ် ရှုံးထွက် ပလေးအော့အဆင့်ပွဲစဉ်ဆီကို အာရုံရောက်မနေဖို့နဲ့ အဲ့ဒီပွဲမတိုင်ခင် ကစားသွားရမယ့် ပွဲစဉ်တွေကိုသာ တစ်ပွဲချင်းစီ အာရုံစိုက်သွားဖို့ သတိပေးလိုက်ပါတယ်။

Photo Credit : ESPN

ယူရိုပါလိဂ် အုပ်စုအဆင့်မှာ အုပ်စုဒုတိယနေရာသာ ရရှိခဲ့တဲ့ မန်ယူနိုက်တက်အသင်းက ရှုံးထွက်(၁၆)သင်းအဆင့်ကို တတ်လှမ်းနိုင်ဖို့အတွက် ချန်ပီယံလိဂ်ကနေ အုပ်စုတတိယနေရာနဲ့ ယူရိုပါလိဂ်ဆီ ကျဆင်းလာခဲ့တဲ့ အသင်းတွေထဲကမှ ဘာစီလိုနာအသင်းနဲ့ ပလေးအော့အဆင့်ကို ကျော်ဖြတ်ရတော့မှာ ဖြစ်ပါတယ်။ ဒီနှစ်ရာသီမှာ ချန်ပီယံလိဂ်ကနေ ယူရိုပါလိဂ်ဆီ ရောက်လာခဲ့တဲ့ အသင်းတွေက ထိပ်တန်းအသင်းတွေ များပြားခဲ့သလို အဲ့ဒီထဲက အင်အားအကြီးဆုံး အသင်းလို့ သတ်မှတ်ရမယ့် ဘာစီလိုနာနဲ့ ယူနိုက်တက်က ထိပ်တိုက် ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။

Photo Credit : Sports Illustrated

ဒီပွဲစဉ်နဲ့ ပတ်သတ်ပြီး ဘာစီလိုနာကို အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ဖူးတဲ့ အတွေ့အကြုံတွေရှိသူ ကက်စမဲရိုးက “ကျွန်တော် ဘာစီလိုနာအကြောင်းကို ကောင်းကောင်းကြီး သိထားတယ်။ သူတို့က ထိပ်တန်းအသင်းကြီး တစ်သင်းဆိုတာလည်း သိထားတယ်။ ဒါပေမယ့် ဒီပွဲစဉ်က အတော်လေး လိုပါသေးတယ်။ ဒီပွဲစဉ်အကြောင်းကို ကျွန်တော်တို့အနေနဲ့ မတွေးထားသင့်ပါဘူး။ လာမယ့်ပွဲစဉ်တွေအတွက်ကိုသာ ပိုပြီး အာရုံစိုက်ထားရပါမယ်။ ဒီပွဲမတိုင်ခင်မှာ ကျွန်တော်တို့ ကစားသွားရဦးမယ့် ပွဲစဉ်တွေက အများကြီး ရှိနေပါသေးတယ်။ အသင်းတစ်သင်းချင်စီရဲ့ စွမ်းဆောင်ရည်တွေကို လအနည်းငယ်အကြာမှာ တွေ့ရပါလိမ့်မယ်။ ဒါပေမယ့်လည်း ပြိုင်ဘက်အသင်းကြီးတွေနဲ့ ကစားရတာက အထူးအခွင့်အရေးတစ်ခုလို့ ကျွန်တော် ထင်ပါတယ်။ ဒါဟာ အရမ်းခက်ခဲတဲ့ ဆုံတွေ့မှု ဖြစ်မယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ဒီပွဲနဲ့ ပတ်သတ်ပြီး အရမ်းတွေးနေရမယ်လို့ ကျွန်တော် မထင်မိပါဘူး” လို့ ရှင်းလင်း ပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်အသင်းဟာ ဘာစီလိုနာနဲ့ ယူရိုပါလိဂ် ပလေးအော့အဆင့်မှာ မဆုံတွေ့ရခင် ပရီးမီးယားလိဂ်ပွဲစဉ်ပေါင်း (၈)ပွဲအပြင် အက်အေဖလားနဲ့ လိဂ်ဖလားပွဲတွေကို တောက်လျှောက် ယှဉ်ပြိုင်သွားရဦးမှာပဲ ဖြစ်ပါတယ်။