MySport Myanmar

ချယ်လ်ဆီးနဲ့ပွဲက သူတို့အတွက် ခက်ခဲတဲ့ပွဲ ဖြစ်လိမ့်မယ်လို့ ပြောလာတဲ့ ကတ်စ်မဲရိုး

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးက လာမယ့် ကြာသပတေးနေ့ညမှာ ယှဉ်ပြိုင် ကစားရမယ့် ချယ်လ်ဆီးနဲ့ ပွဲစဉ်ဟာ သူတို့အသင်း အတွက် အရေးကြီးတဲ့ ပွဲစဉ် ဖြစ်သလို ခက်ခဲမယ့်ပွဲလည်း ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြီးဆုံးဖို့ ၂ပွဲသာ လိုအပ်တော့ချိန်မှာ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ အတွက် ရမှတ် ၁မှတ်ထဲသာ စုဆောင်းနိုင်ဖို့ လိုအပ်ပါတော့တယ်။

Photo Credit: Marca

မန်ချက်စတာ ယူနိုက်တက်က လက်ကျန် ၂ပွဲမှာ ချယ်လ်ဆီးနဲ့ ဖူလ်ဟမ်တို့လို အသင်းကောင်းတွေကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရဖို့ ရှိနေပြီး ယူနိုက်တက်က ချယ်လ်ဆီးနဲ့ ဖူလ်ဟမ် နှစ်သင်းစလုံးကိုသာ အနိုင် ကစားနိုင်ခဲ့ရင် အဆင့်(၃) နေရာနဲ့ ရာသီသိမ်းနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် တန်ဟက်ဂ်နဲ့ ကစားသမားတွေက ကြာသပတေးနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် ချယ်လ်ဆီးနဲ့ပွဲမှာ နိုင်ပွဲ ရအောင် ကစားဖို့ ပစ်မှတ်ထားနေကြပြီး ယူနိုက်တက်ရဲ့ အဓိက ကွင်းလယ်လူ ကတ်စ်မဲရိုးကလည်း သူတို့အသင်းဟာ ချယ်လ်ဆီးနဲ့ပွဲမှာ အနိုင်ကစားဖို့ ဆုံးဖြတ်ထားပေမယ့် ချယ်လ်ဆီးဟာ အသင်းကောင်း ဖြစ်တာကြောင့် သူတို့တွေက ချယ်လ်ဆီးကို ခက်ခက်ခဲခဲ ကစားရလိမ့်မယ်လို့ ဆိုလာပါတယ်။

Photo Credit: Standard

ကတ်စ်မဲရိုးက – “ချယ်လ်ဆီးက ဒီရာသီမှာ ရလဒ်ကောင်းတွေ မရထားတဲ့ အသင်း ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးက လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကမှ ချန်ပီယံလိဂ်ဆုဖလားကို အရယူထားနိုင်တဲ့ အသင်းကောင်း တသင်းပါ။ ဒါကြောင့် ကျွန်တော်တို့အတွက် အဲ့ဒီပွဲက အရမ်းကို ခက်ခဲတဲ့ပွဲ ဖြစ်လာပါလိမ့်မယ်။ ကျွန်တော်တို့က ကိုယ့်ရဲ့ ရည်မှန်းချက် ဖြစ်တဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရဖို့ အတော်လေး နီးစပ်နေပါပြီ။ ဒါကြောင့် ကျွန်တော်တို့က အမှားအယွင်း အဖြစ်ခံလို့ မရပါဘူး။ ကျွန်တော်တို့က လက်ကျန်ပွဲတွေ အားလုံးကို အနိုင်ယူဖို့ ကြိုးစားသွားပါမယ်” ဆိုပြီး ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

Exit mobile version